သူမက…
ဝတ်မှုန်တွေကြဲချလိုက်တယ်..။
ရနံ့ ခူးမယ့် သီအိုရီနဲ့
ငါ့ရင်ဘတ်တစ်ခုလုံး ပန်းတွေပွင့်ခဲ့ပေါ့…။
သမိုင်းအဆက်ဆက်
ရိုက်ခတ်လာခဲ့တဲ့ တိုက်ပွဲ အတွက်
ငါ့နှလုံးသားကို ထက်မြအောင်သွေးထားခဲ့ပြီပဲလေ...
ပန်းပွင့်နဲ့သွန်းလောင်းထားတဲ့
သူမ ရဲ့ကကြိုးတွေအောက်
တိတ်…..ဆိတ်…..လွှင့်…..မျှော…..
အံ့သြစရာကောင်းလောက်အောင်
ငါ့အသက်ဓါတ် မြူခိုးလိုဝေတယ်….။
ကျောက်ခေတ်တွေ အရည်မပျော်သေးသရွေ့တော့
မျှော်လင့်ချက် ကိုင်းကိုင်း
အနာဂတ် ခပ် မှိုင်းမှိုင်းအောက်မှာပဲ
တိတ်.....ဆိတ်.....ငြိမ်.....သက်.....
.....................
..............
.......
...
ဘာကိုမှမတပ်မက်ပါဘူး…။
ဒါပေမယ့်….
မင်းလက်ထဲက မီးအိမ်လေးနဲ့
ငါ့နှလုံးသားကိုတော့လင်းစမ်းကွယ့်…….။
No comments:
Post a Comment