“ ဂိုး ….” တဲ့။
မသဲမကွဲ အော်သံတချို့ကတိုးလျလွန်း။ သေချာနေလောက်ပါပြီ။ ကျွန်တော်တို့ဖက်က မဟုတ်တာ။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ၊ အချိန်တန်တော့လည်း လက်သီးလက်မောင်းတန်းကြ။ အော်ဟစ်လိုက်ကြ။ မချိတင်ကဲ ပြောဆိုကြ။ သက်ပြင်းတွေ အခါခါ ချကြရင်း ကျွန်တော်တို့သူရဲကောင်းတွေနဲ့ အတူတူ ထည့်ပေးလိုက်တဲ့ ကျွန်တော်တို့ရဲ့ မဖြစ်ညစ်ကျယ် မျိုးချစ်စိတ်တွေ အဲဒီ နွံအိုင်ထဲ နစ်ခဲ့ကြရတာ ရက်ပေါင်း ဘယ်နှစ်ရာတောင် ရှိခဲ့ကြပြီလဲ။
ကတိတွေ အထပ်ထပ်ပေး ။ဦးထုပ်တွေသာ တစ်လုံးပြီးတစ်လုံး ပြောင်းဆောင်းကြတယ်။ ဘယ်မှာလဲ ကျွန်တော်တို့ရဲ့ ရောင်နီဦးတစ်စ။ ၀ါးလုံးခေါင်းထဲမှာဆိုပေမယ့် ကျွန်တော်တော့ လလေးတစ်စင်းလို ပြည့်ပြည့်၀၀ သာစေ့ချင်တယ်ဗျာ။ ဘယ်လိုပဲဆဲကြ၊ဆိုကြ၊ ဝေဖန်နေခဲ့ကြပါစေ၊ ရာသီတွေ အလီလီ ခါချရင်း နောက်ဆုံးတော့လည်း ဒီအချိန်ရောက်လာပြန်ရင် ကျွန်တော်တို့အားလုံး တစ်သားတည်း ပြန်ဖြစ်သွားခဲ့ ကြတာပါပဲလေ။

ကျရှုံးမှုတွေကို
အရင်အတိုင်း အလွယ်တကူ သင်ပုန်းချေပစ်ကြရင်း အရင်အတိုင်း အတူတကွ
လက်သီးလက်မောင်းတွေ ပြန်တန်းဖြစ်ကြတာပဲမဟုတ်လား..။ ကျွန်တော်အပါအ၀င်
အားလုံးကလည်း စွဲစွဲမြဲမြဲနဲ့ ဆက်လက်ပြီးတော့ လက်ခုပ်တီးဖြစ်နေကြဦးမှာပါ ။
ကမ္ဘာကုန်တည်သ၍ လို့ပြောရင် ကျွန်တော် နည်းနည်းများ လွန်သွားမလားမသိ..။
( ၂ )
ဒီနေ့….။ကျွန်တော်တို့ အိမ်ရှေ့က ပန်းအုတ်ခုံလေး.. အကျီ င်္အသစ်လဲတယ်။ သူပျော်နေတဲ့ပုံက ခပ်ကြွားကြွားလေး။ ဒါပေမယ့် သူဟာ ၀တ်ကျေတမ်းကျေ ပေးအပ်ခံရတဲ့ ဆုတစ်ဆုအတွက် နောက်ထပ် နောက်ထပ် ဘယ်နှစ်ရက်များ ၀င့်ကြွား နိုင်ဦးမှာတဲ့လဲ.။ မိုးဒဏ်၊ လေဒဏ်နဲ့ ရာသီဥတုတွေအတွက် ဘယ်လောက်များ သူ အန်တုနိုင်မှာလဲ လို့ သူ့ကို ကျွန်တော် မေးချင်မိတယ်လေ။
အရင်က အကြေးခွံ အထပ်ထပ် ကွာကျနေတာတောင် သူဟာ သူ့ ရင်ခွင်ကြားက ပန်းတစ်ခင်းကို ရဲရဲဝံ့ဝံ့ ကာကွယ်ပေးခဲ့တယ်၊ လန်းစွင့် ရှင်သန်ခွင့်လည်း ပေးခဲ့ပါတယ်..။ အသားကျနေတဲ့ ဒီစီးဆင်းမှုတွေထဲမှာ သူ့ရဲ့ အမြဲတမ်း သစ်လွင်တောက်ပချင်တဲ့စိတ်၊ ဖြူစင်ဝင်းပချင်တဲ့ စိတ်ကလေးတွေကို ကျွန်တော် လှစ်ခနဲ မြင်မိပေမယ့် စိတ်မကောင်း ဖြစ်နေရရုံက လွဲလို့ ဘာများတတ်နိုင်ဦးမှာလဲ။
အခုတော့ အမြဲတမ်းလိုလို သူ့မှာ မလုံမခြုံဖြစ်နေပုံက မျက်နှာလေးသစ်ခွင့်ရဖို့ကိုပဲ တစ်စုံတစ်ယောက်ကို စောင့်နေရသလိုမျိုး။ ပြောင်းလဲနေတဲ့ နွေ၊ မိုး၊ ဆောင်းတွေရဲ့ အောက်မှာ အုတ်ခုံလေးကို စိတ်မကောင်းခြင်းများစွာနဲ့ ငေးကြည့်မိရင်း တစ်ခါတစ်လေတော့ သူ့အတွက် စိတ်လိုလက်ရ ဆုတောင်းပေးဖြစ်ပါရဲ့။
အဲဒီလို သံစုံမြည်ကားလေးတွေ ခဏခဏ လာပါစေ…..လို့ ။
( ၃ )
ကလင်…ကလင်…။ ခေါင်းလောင်းသံလေးတွေ ကြားရတယ်။ အဲဒီအသံတွေနဲ့အတူ ကျွန်တော်တို့ မျိုးဆက်သစ်ကလေးတွေရဲ့ အနာဂတ်တို့ဟာလည်း စေတနာလမ်းပြတို့ရဲ့ ကောင်းကင်အောက်မှာ ချိုလွင်သာယာလွန်းလှပါတယ်။ သူတို့ရဲ့ ဖြူစင်မွန်မြတ်မှု၊ ကြည်စိမ်းရှင်းသန့်မှုတွေကို တချို့တွေက ဘာလို့များ အရောင်ဆိုးချင် ကြတာပါလိမ့်။ စေတနာနဲ့ လမ်းပြပေးနေသူတွေကြား အသပြာနဲ့ ၀င်ထမ်းကြချင်သူ တစ်ချို့..တစ်ချို့ကြောင့် အလင်းတန်းတွေကြားမှာ တိမ်ခိုးတစ်ချို့က ခပ်မှိုင်းမှိုင်းဝေ။
ဒီလိုနဲ့ မိုးဦးခပ်ကျကျ ရာသီရောက်တိုင်း ဒီအသံတွေကိုပဲ ပြန်ကြား။ ဒီကြေငြာချက်တွေပဲ ပြန်ပြန်ဖတ်နေရတာ ဂျာနယ်တစ်ချို့တောင် ခွေခေါက် တွန့်ကြေလို့။ တကယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ဖန်ဆင်းသူ တစ်ယောက်ဖြစ်ဖို့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြည့်ဝတဲ့ ၀မ်းစာတော့ မလွဲမသွေ လိုအပ်လှပါတယ်။ မပြည့်စုံမှု တစ်ချို့ကြောင့်လား၊ အလိုဆန္ဒ တစ်ချို့ကြောင့်ပဲလား။ ကွဲပြားစွာ သိဖို့အတွက်တော့ ကျွန်တော့်မှာ ၀မ်းစာ နည်းနည်း လိုပါသေးတယ် ။
စေတနာ အခက်အလက်တွေကြားမှာ လောလောဆယ် ကျွန်တော်တော့ မျက်စိတွေ ခဏလောက် မှိတ်ပေးထားချင်မိတယ်ဗျာ...။
( ၄ )
ကျွန်တော်တွေးမိတာတွေထဲက အနည်းငယ်မျှသော ရာသီစာတစ်ချို့အတွက် စိတ်မရှိပါနဲ့နော်... မိတ်ဆွေတို့..။ ကျွန်တော့်ရဲ့ အတွေးတွေနဲ့ ဆန့်ကျင်စွာ ခင်ဗျားတို့လည်း လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါတယ်။ ဝေဖန်တာမဟုတ်သလို ရှုံ့ချတာလည်း မဟုတ်တာတော့ အမှန်ပါ..။ ဒါဟာ နိုင်ငံရေးမသိ၊ စီးပွားရေးမရှိ၊ လူမှုရေးမကြည့်တဲ့ အညတရလူငယ်တစ်ယောက်ရဲ့ ပုဂ္ဂလမြင်ကွင်းထဲ စွေစောင်းစောင်းဝင်ရောက်လာသော အရောင်တစ်ချို့ကို အသွင်ပြောင်းထားတဲ့ အက္ခရာတစ်ပိုင်းတစ်စသာ ဖြစ်သလို (ကိုယ့်ကိုယ်ကိုတော့ ဖြောင့်တယ်လို့ထင်နေမိတဲ့) မျဉ်းဖြောင့်တစ်ကြောင်းပေါ်မှာ ဆွဲသားထားသော ခပ်ရင့်ရင့် အတွေးတစ်ချို့လည်း ဖြစ်ပါတယ်။
တကယ်တော့ ကျွန်တော် ကိုယ်တိုင်ဟာလည်း အတ္တနဲ့ ပရကို ထိန်းညှိဖို့ ကြိုးစားရင်း ကိုယ်ကိုယ်တိုင်တောင် တစ်ခါတစ်လေ လမ်းပျောက်နေရသူ တစ်ယောက်မို့ ကျွန်တော်ရေးတဲ့ အတွေးတစ်ချို့မှာ အမှားပါခဲ့ရင်တော့ ခွင့်လွှတ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ပြီးသွားရင်တော့ ကြိုတင်မသိနိုင်တဲ့ ကံတရားရဲ့ စေစားရာနောက် အတူတကွ လျှောက်လိုက်ကြ၊ ကိုယ်ယုံကြည်ရာ စွဲကိုင်ကြရင်း သင်တို့ကိုယ်တိုင်လည်း လမ်းပျောက်မသွားကြစေဖို့ ဒီနေရာကနေပြီး လေးနက်စွာနဲ့ ကျွန်တော် ဆုတောင်းပေးပါရစေလားဗျာ။ ။

No comments:
Post a Comment