၁။
တိမ်တိုက်တွေ... တိမ်တိုက်တွေ.....
ကောင်းကင်ကြိုးပြတ်လို့ ပြိုကျရင်တောင်
ရင်ခွင်နဲ့မိုးပြီး ပခုံးနဲ့ထမ်းထားပေးမယ့်သူဟာ
မေမေပေါ့...တဲ့
သာမန်အိပ်ယာဝင်ပုံပြင်တစ်ပုဒ်လို့
(ငယ်ငယ်က)
ကျွန်တော် ထင်ခဲ့မိတယ်.....။
၂။
သူ့လက်ဖ၀ါးနဲ့ သူထုဆစ်
သူ့ရင်ခွင်တလင်းမှာ သူကိုယ်တိုင်ပျိုးကြဲခဲ့ပေမယ့်
ရိတ်သိမ်းသူ မဖြစ်ခဲ့ရတဲ့ ကျွန်တော့်မေမေ....
ရေခဲတောင်ကြီးက
သူ့ဆီ ဘယ်တော့မှ ပြန်မလာတော့မယ့်
ရေခဲမြစ်ကလေးကို အသက်ဓါတ်ပေးအပ်သလိုမျိုး....
သူ့ရဲ့နောက်ထပ် ဘ၀တစ်ခုအဖြစ်
(နွေဦးရောင်ခြည်နဲ့အတူ)
ကျွန်တော့်ကို....မွေးဖွားပေးခဲ့.....။
၃။
မှတ်မိသေးတယ် မေမေ
ကျွန်တော့်အတွက် ခြယ်တဲ့ တိမ်ပန်းချီတွေမှာ
မေမေဟာ ဆွမ်းအုပ်နီနီကိုလည်း ရွက်ခဲ့ဖူးတယ်
ခိုဖြူ ခိုပြာတွေလည်း ဖမ်းပေးခဲ့ဖူးတယ်
ပြီးတော့...
နူးညံ့လွန်းတဲ့ အလင်းကာရန်တွေအောက်မှာလည်း
ကျွန်တော့်ကို သိမ်သိမ်မွေ့မွေ့နဲ့ အိပ်ယာဝင်စေခဲ့ဖူးတယ်.....။
၎။
ဒီလိုနဲ့ ....
ကျွန်တော် လွယ်အိတ်လွယ်တဲ့ပထမဆုံးနေ့မှာ ဖေဖေဆုံးတော့
ကျွန်တော့်ရဲ့ မေမေ...မျက်ရည်တွေကြား
သားအတွက် တဲ့... ဗေဒါလမ်းကဗျာကို ရွတ်တယ်...။
ဖျားယောင်းမှုတွေထဲ ကျွန်တော့် လက်ကိုဆွဲရင်း
မာန တစ်ခုတည်းနဲ့လှော်ခတ်...
ချွေး နှစ်ဆ ပိုထွက်ခဲ့ရပေမယ့်
သူ့ဘ၀ကို နာရီအိမ်ဟောင်းလေးထဲထည့်
(တယုတယနဲ့)
ကျွန်တော့် လက်မှာပဲ ပတ်ပေးခဲ့တယ်....။
၅။
မေမေဟာ ... ကျွန်တော့်အတွက်ဆို
ရေလိုအေးလား...အေးရဲ့
မီးလိုတောက်လား.... တောက်ရဲ့
ဘ၀နှစ်ခုစာသွေးထားတဲ့ မေမေ့ဓားက
ပန်ထွာပုံပြင်ထဲက
သျှီဝမြို့စားလေးရဲ့ ဓားထက်တောင် ထက်မြခဲ့သေးတယ်....။
၆။
ဘယ်ဘ၀ကပါတဲ့ ဗီဇမှန်းမသိ
စာအုပ်ထဲက အမှန်တရားဆိုတာတွေ
ကျွန်တော် ကြက်ခြေခတ်တော့
စေတန်ဆိုတာ နတ်သားလေးတစ်ပါးပါပဲ...တဲ့
နတ်ဆိုးတစ်ပါးကို နူးညံ့စေလိုတဲ့
မေမေ့ရဲ့ လက်ဖ၀ါးတွေအောက်မှာ
(ကျွန်တော်)
ပျော်ဝင်ချင် ယောင်ဆောင်ခဲ့ဖူးတယ်....။
၇။
လူတွေကစိမ်း....လမ်းတွေကလည်းစိမ်း
အရာအားလုံးစိမ်းနေတဲ့ တောအုပ်ထဲမှာ
မေမေဟာ....
ဘယ်တော့မှ မစိမ်းတဲ့ ရွှေအိုရောင်သစ်ပင်တစ်ပင်လို
ကျွန်တော့်အပေါ် ခက်လက်တွေ ဖြာ.. ဝေ.. မိုး..။
အရိုးသားဆုံး အိပ်မက်တွေနဲ့ပဲ
မနက်ခင်းတိုင်းကို နိုးထဖို့ ကြိုးစားပါ ...တဲ့
အဲဒီလိုအလင်းတွေနဲ့
လွယ်အိတ်လွယ်တဲ့ ဘ၀မှာတင်ပဲ
မေမေဟာ ကျွန်တော့်ကို ဘွဲ့ဦးထုပ်ဆောင်းပေးခဲ့တယ်...။
၈။
ဒါပေမယ့်... မေမေဟာ
သူ့စာအုပ်ထဲ သူ့ကိုယ်သူဖွက်
သူ့လက်သည်း သူဝှက်ထားသလိုမျိုး
(လွန်လေပြီးတဲ့ တိမ်တိုက်တွေအကြောင်း)
ကျွန်တော့်ကို ပေးမဖတ်ခဲ့ဘူး....။
၉။
´မေမေဟာ သားအတွက် မြစ်ဖျားခံရာ ဖြစ်သလို
သမိုင်းအရပ်ရပ်ကို ဖြတ်သန်းပြီးနောက်
နောက်ဆုံး စီးဝင်ရာ ပင်လယ်ကြီးလည်း ဖြစ်လာလိမ့်မယ်....´
မေမေရင်ကိုခွာတော့ ဖွင့်ဟခဲ့တဲ့ မေမေ့စကား
(အဲဒီတုန်းက)
ကျွန်တော်.... နားမလည်ခဲ့ ။
၁၀။
ဒီလိုနဲ့....ကျွန်တော်
အမေမပါတဲ့ ပင်လယ်မှာမှ လွှင့်မိတော့
အဲဒီခရီးမှာ ကျွန်တော့်ရွက်တွေ အခါခါစုတ်ခဲ့ရ....။
၁၁။
သတိရတယ် မေမေ....
မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မှာရေးတဲ့
အညတရ သားတစ်ယောက်ရဲ့အဝေးရောက်ကဗျာမှာ
အပူရောင် ထောင်းထောင်းထနေတဲ့ ခယောင်းတောရနံ့တွေပါတယ်....
အမှောင်လွှမ်းခဲ့တဲ့ ကမ္ဘာဦးရဲ့ ညချမ်းတွေအကြောင်းလည်းပါတယ်...မေမေ။
၁၂။
ကျွန်တော့်ရဲ့ မြစ်ဖျားခံရာ
ကျွန်တော့်ရဲ့ စီးဝင်ရာ မေမေ.....
မေမေခြယ်ပေးဖူးတဲ့ တိမ်ပန်းချီတွေကို တွေးရင်း
ကောင်းကင်ကို မော့ကြည့်မိတော့
တိမ်တိုက်တွေ....တိမ်တိုက်တွေ....
ဟော........သူတို့ ပြိုဆင်းလာကြပြီ မေမေ....။
No comments:
Post a Comment