“သားလေ ပင်လယ်ကြီးကို မြင်ဖူးချင်လိုက်တာ...အဖေရယ်” .....တဲ့...။တစ်နေ့က
သားအငယ်ဆုံး ကောင် ကျုပ်ကို ပြောတယ်။ ကျုပ်နည်းနည်း တော့ တွေကနဲ
ဖြစ်သွားမိတာပေါ့။ ဟုတ်တယ်လေ .. ကျုပ်တို့လို သာမန် လက်လုပ်လက်စား
လူတန်းစားတစ်ရပ်မှာ ပင်လယ်ဆိုတာကြီးကို ဘယ့်နှယ်ကြောင့်
ထည့်စဉ်းစားမိမတုန်း။
ကျုပ်တို့ နေတာက မြန်မာပြည်အလယ်ပိုင်းကုန်းတွင်း
ခပ်ကျကျ နယ်မြို့လေးတစ်မြို့မှာ..ဒီကောင် ပြောတဲ့ ပင်လယ် ဆိုတာ ကြီးက
ဟိုးအဝေးကြီးမှာ ။ အဲဒီ ပင်လယ်တို့ ..ကမ်းခြေတို့ ဆိုတာကလည်း
ကျုပ်တို့မြို့မှာ ဆိုရင် ပိုက်ဆံချမ်းသာတဲ့ လူတွေ ပိုက်ဆံတွေ
အကုန်အကျခံပြီး တကူးတက သွားလည်ပတ်တဲ့နေရာလို့ပဲ ကျုပ်သိ ထားတာ။
ကျုပ်တို့အဖို့ ကတော့ သူတို့လို သွားပြီး
မလည်နိုင်ပါဘူးဗျာ..။သားတို့ကျောင်းက ဆရာလေးပြောတာ တော့ တစ်စွန်းတစ်စ
ကြားဖူး တယ်...။ကျုပ်တို့ ကူးခတ်နေကြရတဲ့ ဘ၀ဆိုတာလည်း ပင်လယ်ကြီးပဲ
တဲ့.။ကျုပ်က ပင်လယ်ဆိုတာကို အဲဒီလောက်ပဲ နားလည်ထားတာ…။
ဒါနဲ့ ..အဲဒီကိစ္စ ကျုပ် မေ့တေ့တေ့ ဖြစ်နေတုန်း ဒီနေ့ဒီကောင် ထပ်ပြောလာတယ်။
“သား သူငယ်ချင်း ဖိုးဇော်ကပြောတယ်..အဖေရ..
ပင်လယ်ဆိုတာ မျက်စိတစ်ဆုံး အကျယ်ကြီးပဲတဲ့.. အဲဒီမှာ ခရုခွံလေးတွေလည်း
အများကြီး ရှိတယ်..အုန်းပင်တွေရောပဲ တဲ့... သား ရောက်ဖူးချင်လိုက်တာ
အဖေရာ...“ တဲ့...။ အဲဒီလို ဆိုတော့လည်း ကျုပ် သူ့ကို သနားမိပြန်ရော။ ကျုပ်
မွေးထားတဲ့ သားသမီးတွေထဲမှာ ကျုပ်က ဒီကောင့်ကို အချစ်ဆုံးဗျ...။အကြီးမနဲ့
အလတ်ကောင် မွေးပြီး ဆယ့်နှစ် နှစ်လောက်ကြာမှ သူ့ကို မွေးတာဆိုတော့
သူ့အမေကလည်း ချစ်လိုက်တာမှ တုန်လို့..။ကျုပ်ကတော့
ဘယ်ပြောရှိမလဲဗျာ..။အကြီးနှစ်ယောက် အိမ်ထောင် အသီးသီးကျပြီး
အိမ်ခွဲသွားကတည်းက ကျုပ်တို့ အိမ်မှာ
ကျုပ်မိန်းမရယ်....ကျုပ်ရယ်....ဒီကောင်ရယ် သုံးယောက်ထဲ ကျန်တော့တာဗျ..။
ကျုပ်တို့အိမ်မှာ မိန်းမက
မနက်ခင်းဈေးထွက်ရတယ်..ကုန်စိမ်းရောင်းပေါ့ ....။ ကျုပ်ကလည်း မနက် ခင်း
ဆိုရင် အုံနာအိမ်သွား ...ဆိုက်ကားထုတ်ပြီးတော့ မိန်းမနဲ့ ဈေးပစ္စည်းတွေတင်
ဈေးပို့....ဒီကောင် ကျောင်းဖွင့်ရင် တော့ တစ်ခေါက်ပြန်လာ..သူ့ကိုတင်ပြီး
ကျောင်းလိုက်ပို့.....အဲဒါပြီးတာနဲ့ ကျုပ်အလုပ် စရတော့တာပဲဗျို့...။
ဘယ်အချိန်ထိလဲ ဆိုတော့ တစ်နေကုန်ပဲ ပြောပါတော့...။ညနေ
ကျုပ်သားကျောင်းဆင်းချိန် ပြန်ကြိုပြီးရင် ပြန်ထွက် ... ညနေ
မိန်းမဈေးသိမ်းတဲ့ အချိန်ထိပေါ့...။တစ်နေကုန် နေပူစပ်ခါးမရှောင်
ဆိုက်ကားနင်းနေရပေမယ့်လည်း ကျုပ် ကတော့ မောတယ် မထင်ပါဘူး...။ဟုတ်တယ်..
ကျုပ်ရဲ့ဘ၀မှာ ကျုပ်မိန်းမရယ်...ကျုပ်သားရယ် ရှိရင် ပြည့်စုံ နေပြီပဲလေ
.....။
(၂)
ဒါနဲ့ အဲဒီ ကျုပ်သား အငယ်ကောင်က အခုဆို ငါးတန်း
တက်နေပြီဗျ...။သူ့ဆရာတွေ ကျုပ်ဆိုက်ကားနဲ့ စီးတာနဲ့ ကြုံရင်
ပြောကြတယ်...။ကျုပ်သားက ကျောင်းမှာ စာတော်ကြောင်း ...ဆရာသမားတွေကိုလည်း
ရိုသေတဲ့ အကြောင်းပေါ့...။ဒီလို ဆိုတော့လည်း ကျုပ်မျက်နှာ ဘယ်နား
ထားရမှန်းကို မသိတော့ဘူးဗျို့...။ ဘာပဲ ဖြစ်ဖြစ် အဲဒီလို ပြောတဲ့ဆရာဆိုရင်
ကျုပ်က ဆိုက်ကားခကို မယူတာ ..အဟုတ်..။အဲဒီအချိန် ဆို ကျုပ် ဆိုက်ကားနင်း
ရတာလည်း သားကို ချစ်တဲ့ ပီတိတွေ ကြောင့် မောလို့ မောမှန်းကို မသိတော့တာ
...တကယ်..။
ကျုပ် ကြွားပြောတာ မဟုတ်ဘူး..။ဒီကောင်က ငယ်ငယ်ကတည်းက
အတော်လိမ္မာတဲ့ကောင်...။ ကျုပ်တို့လည်း ဖိဖိစီးစီး ဆုံးမစရာ သိပ်မလိုဘဲ
သူ့ဖာသာသူ နေတတ်တဲ့ကောင်ဗျ...။ အဲ ... တစ်ခုတော့ ရှိတာပေါ့။ ငယ်ငယ်တုန်းက
ကျုပ်ရွာက ဘဘုန်းကြီးကျောင်းမှာ တစ်နှစ်လောက် ကျောင်းအိပ်ကျောင်းစား
သွားထားဖူး တယ်ဗျ...။ ဘဘုန်းကြီးရဲ့ သွန်သင်မှု ၊သူ့ရဲ့
ခံယူတတ်မှုတွေကြောင့် အခုလို လိမ္မာ ရေးခြား ရှိနေတာလည်း ဖြစ်မယ်ထင်ပါတယ်..။
တစ်ခုရှိတာက ကျုပ်တို့ကို ဒီကောင် ငယ်ငယ်ကတည်းက
ခုချိန်ထိ ဘာမှ ပူဆာတာမျိုးလည်း မရှိဘူး..။ ဆင်ပေးတာကိုပဲ
ဝတ်တယ်..။ကျွေးတာကိုပဲ စားတယ်။ဒါကြောင့်လည်း ကျုပ်တို့ လင်မယား နှစ်ယောက်
စလုံး ချစ်နေကြရတာပေါ့..။အခုတော့ ထူးထူးခြားခြား ကျုပ်သားက ပူဆာနေရဲ့။
ပင်လယ် ကို မြင်ဖူးချင်တယ်တဲ့... ပြီးတော့ ခရုလေးတွေလည်း
ကောက်ချင်သေးတယ်တဲ့ဗျား..။
ကျုပ်လည်း စိတ်ကူးထားပါတယ်..။အခု လာမယ့်
သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ သားကို သူသွားချင်တဲ့ ဆီကို
ကျုပ်ပို့ဖြစ်အောင် ပို့ပေးမယ် ...လို့။ သားကိုလည်း ကျုပ်
ဒီအတိုင်းပြောလိုက်တယ်..။သူ့ခမျာ ပျော်နေလိုက်တာ…မျက်လုံးတွေများ
အရောင်တွေလက်လို့..။ အခုနေ မျက်လုံးကို ဖတ်တတ်တဲ့လူရှိရင်
ခေါ်ပြလိုက်ချင်ရဲ့…။သားရဲ့ မျက်ဝန်းထဲမှာ လှိုင်းခတ်သံတွေ တ၀ုန်းဝုန်း
ကြားနေရမှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် ... အခုအချိန်ထိ မိဘကို စိတ်ဆင်းရဲအောင်
မလုပ်ခဲ့တဲ့ သားတစ်ယောက်အတွက် ဖခင် ကောင်းတစ်ဦးအနေနဲ့ ဒီလောက်တော့
တာဝန်ကျေပေးရမှာပေါ့ ..။မဟုတ်ဘူးလား..။
(၃)
ကျုပ်သူ့ကို ကတိပေးလိုက်တဲ့နေ့ကစပြီး
ကျုပ်ဖာသာကျုပ် တစ်ယောက်တည်း အစီအစဉ်ဆွဲရ တော့တာပေါ့..။
ကျောင်းပိတ်ရက်ကလည်း သုံးလလောက်လိုသေးတယ်လေ..။ကျုပ်တို့ မိသားစုမှာက ငွေပို
ငွေလျှံကလည်း ရှိတာမဟုတ်..။ကုန်ဈေးနှုန်းတွေ ကြီးနေတဲ့ ဒီခေတ်ကြီးမှာ
ဆိုက်ကားသမား ကျုပ် နဲ့ ကုန်စိမ်း ရောင်းတဲ့ ကျုပ်မိန်းမတို့ရဲ့ ၀င်ငွေက
ကျုပ်တို့ မိသားစုအတွက် လောက်ငရုံပဲ ရှိတာ ..။ဟို ..အိမ်ထောင်ခွဲနေတဲ့
သားနဲ့ သမီးတို့ ဆီကလည်း ကျုပ်ဘာမှ မလိုချင်ဘူးလေ..။
သူတို့မိသားစုနဲ့သူတို့တောင် အနိုင်နိုင်ပဲဥစ္စာ..။တစ်ခါတစ်လေ ကျုပ်ကတောင်
ပြန်ထောက်ရသေးတယ် ...။
ထားပါတော့..။ကျုပ် အနေနဲ့ သားကိုလည်း
ပင်လယ်ဆိုတာကြီးဆီ လိုက်ပို့ချင်တယ် ...။ ဒီတော့ ... ပထမဆုံး ကျုပ်
ညနေတိုင်း ပင်ပန်းတာတွေ ညောင်းညာကိုက်ခဲတာတွေကို ဖြေနေတဲ့ ဖြေဆေးကို စဖြတ်
လိုက်တယ်။ ကျွန်တော့်ဘ၀တစ်လျှောက် နှစ်ပေါင်းများစွာ လက်တွဲလာခဲ့တဲ့ အရက်
ကိုပြောတာ..။အစတော့ ကျုပ် တော်တော် ခံစားရတာပေါ့ ...။ ရင်တွေလည်း
အရမ်းပူတယ်… ဒါပေမယ့် နောက်ဆုံး ကျုပ်ဖြတ်နိုင်ခဲ့တယ်..။ သား သာလျှင်
ကျုပ်ရဲ့တစ်ခုတည်းသော ဘ၀ဆိုတာ သိမြင်လာတဲ့ တစ်နေ့မှာပေါ့..။
ဒီလိုနဲ့ ကျုပ်အရက်မသောက်တော့လို့ ပိုထွက်လာတဲ့
ပိုက်ဆံတွေကို ၀ါးကျည်တောက် စုဗူးလေး ထဲမှာ စုထားတော့တာပေါ့..။ အဟဲ… ကျုပ်က
ကဗျာတွေဘာတွေ မဆန်တတ်ပေမယ့် စုဗူးလေးကို နာမည်ပေးဖို့
စဉ်းစားမိတယ်..။ဘာပဲဖြစ်ဖြစ် ကျုပ်ကို လှုံ့ဆော်နေပေးမယ့် စာသားလေး
တစ်ကြောင်းဖြစ်ဖြစ်ပေါ့..။ ဘယ်လို ပေးရမလဲ ကျုပ်စဉ်းစားတယ်…။သားအတွက်ရော
…ကျုပ်အတွက်ရော အမှတ်တရ ဖြစ်နေမယ့် နာမည်တစ်ခုပေါ့…။ ဒါနဲ့ ကျုပ်
အရိုးရှင်းဆုံး နာမည်တစ်ခု စဉ်းစားမိလိုက်တယ်…။ချက်ချင်းပဲ ကျုပ်လည်း
စာရွက်တစ်ရွက်ယူ… စာရွက်ပေါ်မှာ အဲဒီ နာမည်လေး ချရေးပြီး စုဗူးလေး အပေါ်မှာ
ကပ်ထားလိုက်တယ်…။ ကျုပ်ရေးထားတဲ့ စာသားလေးက “ပင်လယ်စုဗူး” တဲ့..။
မလှဘူးလား…ကဲ ။
ဒီ့အပြင် ကျုပ်က ဆိုက်ကားကို ညဖက်
လည်းထွက်နင်းတယ်..။ ဒါမှလည်း ကျုပ်သားကို လိုက်ပို့မယ့် ခရီးမှာ
လောက်လောက်ငင သုံးစွဲလို့ ရမှာကိုး…။ကျုပ် မပင်ပန်းပါဘူး..။ကျုပ်စိတ်ထဲမှာ
ကျုပ်သားလေးမျက်နှာရယ်… ကျုပ် ဖန်တီးထားတဲ့ ပင်လယ်စုဗူးလေးရယ်ပဲရှိတယ်
…။ဒီနှစ်ခုနဲ့တင် ကျုပ်ကိုယ်ကျုပ် မောင်းနှင်လို့ ရနေပြီပဲလေ…။
ကျုပ်မိန်းမကတော့ ကျုပ်ကို ချစ်ရှာပါတယ်..။ရှင်းရှင်း ပြောရရင် သူလည်း
ကျုပ်ကို ညဖက်ညဖက် ဘယ်ထွက်စေ ချင်ပါ့မလဲ…။ ဒါပေမယ့် သူတားလို့ မရမှန်းလည်း
သိတာနဲ့ ကျုပ်ကို ကျန်းမာရေး ဂရုစိုက်ဖို့သာ မှာရုံကလွဲလို့ ဘာမှ
ထပ်မပြောနိုင်ရှာဘူး..။
(၄)
ကျုပ်လည်း စုဗူးလေးကို ပွတ်ကြည့်လိုက်…ညဖက်ကို
ဆိုက်ကားထွက်နင်းလိုက်နဲ့ ကြည်နူးနေ တာပေါ့…။ ဒီလိုနဲ့
နှစ်လလောက်ရှိရော…ကျုပ် ကျန်းမာရေးက တဖြည်းဖြည်းနဲ့ စပြီး
ချူချာလာတယ်…။ကျုပ် ကလည်း မိန်းမနဲ့ သား မသိအောင် အားတင်းပြီး
ဟန်ဆောင်နေရတော့ တာပေါ့။ အရင်က နေ့ခင်းဖက်သာ နင်းတာလေ…။ ညနေရောက်လည်း
ဆေးကလေးနဲ့ ဖြေလိုက်ရင် တစ်နေကုန် ညောင်းညာသမျှ ပြေသွားတာပဲ။
အဲဒီတုန်းကလည်း အခုလောက် မပင်ပန်းဘူး မဟုတ်လား…။အခုကျ အလုပ်ကလည်း နှစ်ဆ
ပင်ပန်းတယ်… ။ ဆေးလေး..၀ါးလေးကလည်း မသုံးစွဲရတော့ ကြာလာတော့လည်း ကျုပ်ကို
ဒဏ်မျိုးစုံက ထိုးနှက်ကြတော့တာပေါ့…။ ဇရာကလည်း စကားပြောလာတယ်လေ…။
ဒါပေမယ့် ကျုပ်ကိုယ်ကျုပ် သိတယ်…။ကျန်းမာရေးက
တော်တော်ဆိုးဝါးနေပြီဆိုတာ…။ ကျုပ်လောလောဆယ် ဆေးကုဖို့ကိစ္စကို ခဏ
ဘေးဖယ်ထားလိုက်တယ်။ကျုပ် ရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်တဲ့ သားလေးကို
ဟိုးပင်လယ်ကြီးဆီ အလည်ပို့ပြီးမှပဲ ကျုပ်ကို ဆေးကုတော့မယ်လို့ပဲ
ရည်မှန်းထားလိုက်တယ်..။ ကျောင်းပိတ်ရက်ကလည်း သိပ်မလို
တော့ဘူးလေ…။အမှန်တကယ်ဆိုရင် ဘယ်အကြောင်းကြောင့်မှ သားလေးကို
ပို့မယ့်အစီအစဉ်ကို အပျက်မခံ နိုင်လို့ပါ..။
သားကတော့ ကျောင်းပိတ်ရက်နီးလေ..
ပျော်ရွှင်မြူးကြွလေပဲပေါ့…။တစ်ခါတစ်လေ သူ ညညကျ ယောင်ယမ်းမြည်တမ်းတဲ့
အသံတွေထဲမှာလည်း ခရုခွံလေးတွေ… အုန်းပင်လေးတွေတောင် ပါလိုက်သေးတယ်ဗျ…။
ကျုပ်တောင် သူနဲ့ ရောပြီး ပျော်နေမိတယ်လေ…။
(၅)
မနက်ဖြန်ဆို ကျုပ်တို့ ခရီးထွက်ရမယ့်ရက်
ရောက်ပြီ..။ကျုပ်ကတော့ ကျုပ်ရဲ့သွေးတွေ ချွေးတွေနဲ့ စုဆောင်းထားတဲ့
ပင်လယ်စုဗူးကို မနက်ဖြန်ကျမှ သားနဲ့အတူတူ ဖွင့်ဖို့
စိတ်ကူးထားတယ်…။မိန်းမကတော့ ကြော်သင့်တာကြော်… လှော်သင့်သာလှော်ပြီး
လမ်းခရီးအတွက် ပြင်ဆင်နေလေရဲ့..။ သားတော်မောင် ဆိုတာတော့ ပြောမနေနဲ့တော့…။
ဒီနေ့မှ ကျုပ်ကျန်းမာရေးကလည်း သိသိသာသာ
ပိုဆိုးလာတယ်..။ကျုပ် ကြိတ်မှိတ်နေကြည့်ပါ သေးတယ်…။ ညနေဖက်ရောက်တော့ ကျုပ်
ဘယ်လိုမှ မခံစားနိုင်တော့ဘူး…။အသက်ရှူတွေ ကြပ် ကြပ်လာတယ်…။ ပျော်ရွှင်
နေကြတဲ့ သားတို့ကို ကြည့်လိုက်မိတယ်…။ဘုရား..ဘုရား… ကျုပ်အမြင်တွေ
ပြာဝေလို့ပါလား…။ ကျုပ်အသက်ကို ၀အောင်ရှူရင်း မမှီမကမ်း ဘေးက
အိမ်တံခါးပေါက်ကို လှမ်းမှီလိုက်တယ်..။ မရတော့ဘူး… ကျုပ်ခေါင်းတွေ
ချာချာလည်လို့ … ။ဝုန်းဆို ကျုပ် ပစ်ကျသွားတယ်..။ကျုပ်ဆီကို ပြေးလာတဲ့
သားနဲ့ မိန်းမတို့ကို ၀ိုးတိုးဝါးတားပဲမြင်ရပြီး သူတို့ဆီက ကျုပ်နာမည်ကို
တကြော်ကြော်ခေါ်နေတဲ့ အသံကိုပဲ ကြားနေရတယ်….။ဖားဖိုကြီးတစ်ခုလို ဖြစ်နေတဲ့
ကျုပ်ရင်ဘတ်ကြီးကတော့ နိမ့်မြင့်တက်ကျနဲ့ပေါ့..။ ကျုပ်နောက်ဆုံးအကြိမ်အဖြစ်
အားတင်းပြီး ကျုပ်ရဲ့ ဘ၀တစ်ခုလိုပဲ ထပ်တူတန်ဖိုးထားရတဲ့ ဘုရားစင်နံဘေးက
ပင်လယ်စုဗူးလေးဆီ လှမ်းကြည့်မိတယ်…။ ကျုပ်...ကျုပ်..မြင်နေရတာပဲလေ…။
……………..ပြီးတော့မှ စုဗူးလေးရဲ့ ပုံရိပ်က ကျုပ်အမြင်မှာ တဖြည်းဖြည်းနဲ့
ေ၀၀ါးလာရင်း နောက်ဆုံးရှိုက်လိုက်မိတဲ့ ကျုပ်ရဲ့ ပင့်သက်နဲ့အတူ လုံးဝ
ပျောက်ကွယ်သွားပါတော့တယ်……………။
(၆)
( ဦးမောင်လှ) (အသက် - ၄၆ နှစ်)
ရပ်ကွက်ကာလသားများက ၀ါညစ်ညစ် ခေါင်းတလားကြီးကို မ
လိုက် ကြ သည်။ အခေါင်းအတွင်း ရှိ အသက်ကင်းမဲ့နေပြီဖြစ်သည့် ရုပ်အလောင်းမှာ
ထူးထူးခြားခြား ပြုံးနေသယောင်ပင် .....။ကြေးစည်သံ နှင့်အတူ မိန်းမကြီး
တစ်ယောက်၏ တရှုပ်ရှုပ် ရှိုက်ငိုသံ သဲ့သဲ့ကိုလည်း ကြားရသည်။ မိန်းမကြီး၏
ဘေးမှာတော့ အသက် (၁၂)နှစ်ခန့်ရှိ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ
အံကိုကြိတ် တိတ်တဆိတ် ငိုကြွေးနေသည့် ကောင်လေး တစ်ယောက်ကိုလည်း တွေ့ရ၏။
ခွမ်း ကနဲ ရေအိုးခွဲသံနှင့်အတူ ဆိုက်ကားဆရာ
ဦးမောင်လှ ၏ နောက်ဆုံးခရီးကို ပို့ဆောင်ကြရန် စတင်
ထွက်ခွာကြပြီဖြစ်သည်..။နာရေးလိုက်ပို့ကြသူများ တရွေ့ရွေ့ထွက်ခွာသွားတော့
ရပ်ကွက်ပဌာန်းအဖွဲ့မှ သံပြိုင်ရွတ်ဆိုနေကြသည့် အသံတို့ မှာလည်း
အိမ်ဦးနတ်မဲ့နေသော တဲအိမ်ကလေးနှင့် တဖြည်းဖြည်း ......ဝေး၍
......ဝေး၍......................။တဲအိမ်ကလေးအတွင်း.........ဘုရားစင် နံဘေး
ရှိ ”ပင်လယ်စုဗူး” ဟု ရေးသားထားသော ၀ါကျင်ကျင် စာရွက်တစ်ရွက် ကပ်ထားသည့်
ဝါးကျည်တောက်လေးမှာတော့ သူ့ပိုင်ရှင်ပြန်အလာကို စောင့်မျှော်
နေသယောင်ပင်..။
(၇)
အဝေးတစ်နေရာက ပင်လယ်ကြီးရေ ...
မင်းကတော့ အခုချိန်ဆို လှိုင်းတွေပဲ ထန်နေမလား....
ဒါမှမဟုတ် တိတ်ဆိတ် ငြိမ်သက်လို့ပဲ နေမလား...
ဘာပဲဖြစ်ဖြစ်
မင်းမဖတ်ဖြစ်ခဲ့ရတဲ့ ကဗျာတစ်ပုဒ်မှာ
အလှပဆုံးသော ကာရန်တွေ ပါဝင်နေတဲ့အကြောင်း
တိမ်တိုက်တွေကတော့ .......တီးတိုး ပြောဆိုနေကြလေရဲ့....။ ။
No comments:
Post a Comment