ဝင်္ကပါတွေ ခင်းကျုင်းထားတဲ့ တောအုပ်တစ်ခုထဲမှာ (မရည်ရွယ်ဘဲ)
ကျွန်တော် ဓါးတစ်စင်း ဖြစ်ခဲ့ဖူးပါတယ်…။ ညှီစို့စို့ ရနံ့တွေပါတဲ့
သားရဲတွေရဲ့ လက်ထဲမှာပေါ့.....။ စီးထန်းထန်း လက်တစ်ဖက်ရဲ့
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်မှုနဲ့အတူ ကျွန်တော်ဟာ ... ထက်ထက် မြမြနဲ့ကို…
ဝင့်ကြွားခဲ့တာပါ..။
ကိုယ့်ကိုယ်ကို မြနေအောင် သွေးထားပြီးသား
ဓါးတစ်စင်း အတွက်တော့ အခက်အခဲဆိုတာ မရှိ..။ လောကဓံ ဆိုတာ လည်း မသိ... ။
ကတ္တီပါစလေး ခြုံလွှမ်းပေးထားတဲ့ ရိပ်မြုံမှာ ခိုလှုံနေရရင်ပဲ ကိုယ့်ဘ၀ကိုယ်
လုံလှပြီထင်နေတဲ့ ကောင်ပေါ့..။
တိုက်ပွဲတွေ အခါခါဝင်ရင်း အောင်မြင်မှုနဲ့
ပြန်လာတဲ့အခါတိုင်း အဲဒီလက်တွေက ၀င့်ကြွား ကြတယ်..။သူတို့ လက်တွေ
အချင်းချင်း လေမှာ ပျံဝဲကြရင်း Bravo လို့အော်ကြ..။
ဖန်ခွက်ချင်းတိုက်လိုက်ကြ…။ကျွန်တော့်ကိုတော့ ဖြစ်သလို ဓါးအိမ်ထဲထည့်ပြီး
ပစ်ချထားလိုက်ကြ တယ်..။
အဲဒီလို နေ့တွေတိုင်း ကျွန်တော့်
အတွေးတွေမှာတော့ ညှီစို့စို့ရနံ့တွေပဲရရ နေတယ်..။ အဲဒီလိုနေ့တွေတိုင်း
ကျွန်တော်ဟာ ကိုယ်နေတဲ့ စင်ပေါ် ကိုယ့်ကိုယ်ကိုပဲ ပြန်ကောက်တင်ခဲ့ရတယ်.။
အဲဒီလိုနေ့တွေတိုင်းသံရည်ပူတွေပဲ စီးဆင်းတော့
...အဲဒီလိုနေ့တွေတိုင်းအတွက် ကျွန်တော့် အိပ်မက်တွေ ...
.........ခါးတယ်..။
ဒီလိုနဲ့ တစ်နေ့ ..... ။ ကျွန်တော့် ဘေးမှာ
ဓါးအသစ် တစ်စင်း ရောက်လာတယ်..။ ခပ်တည်တည်ပဲ ကျွန်တော့်ကို
လက်ဆွဲနှုတ်ဆက်ရင်း စကားတစ်ခွန်းပြောတယ်..“ မနက်ဖြန် ထွက်တဲ့နေက
ပိုလင်းလိမ့်မယ်” တဲ့..။ ကျွန်တော် မဖတ် တတ်တဲ့ ဘာသာစကားနဲ့ ပြောလာပေမယ့်
အလိုလိုနေရင်း ကျွန်တော် နားလည်နေတယ်..။
ကျောထဲ စိမ့်ကနဲ တစ်ချက်ဖြစ်သွားပြီး
မင်သက်နေမိတုန်းမှာ …ရယ်ဟဟနဲ့ သူကထပ်ပြောတယ်…......။ “မင်းက တကယ်တော့
လတစ်စင်းလိုကောင်ပါကွာ” တဲ့..။ သူ့ကို ငေးကြည့်နေတုန်း အေးစက်စက်
တစ်ချက် ပြုံးပြီး သူ့ဓါးအိမ်ထဲ သူပြန်ဝင် သွားတယ်....။
ကျွန်တော့် ခေါင်းထဲ ချာချာလည်လို့ပေါ့…။ “
ငါဟာ ဘာလဲ.. တကယ်ပဲ လတစ်စင်းလား… မဟုတ်ဘူး.. မဟုတ်ဘူး …လုံးဝ မဟုတ်ဘူး…ငါဟာ
တိုက်ပွဲတွေ အကြိမ်ကြိမ် ၀င်ခဲ့တဲ့ ဓါးတစ်စင်းပဲ… ဟုတ်တယ်..ငါဟာ
ဓါးတစ်စင်းပဲ ဖြစ်ရမယ်…” ကျွန်တော် အားကုန်ဖျစ်ညစ်ပြီး အော်လိုက်ပေမယ့်
အသံတွေက လည်ချောင်းဝမှာ တစ်ဆို့နေတယ်..။
တစ်ခုခု ထူးခြားနေသလို ခံစားနေရရင်း
ကျွန်တော့်လက်ဖ၀ါးတစ်ဖက်က တဖျစ်ဖျစ် နာကျင်လာတယ်.....။ အလို..
သွေးတွေ...... သွေးတွေ ပါလား..။ ကျွန်တော့် ညာဖက် လက်ဖ၀ါးဆီကနေ
တပေါက်ပေါက်နဲ့ စီးကျနေကြတယ်… ။ တစ်စက်ပြီး…တစ်စက် … တစ်စက်ပြီး…တစ်စက်…။
ကျွန်တော့်ဖက်က ရိုးသားခဲ့တဲ့ ဒီနှုတ်ဆက်ပွဲမှာ
ကျွန်တော့်လက်ထဲ ဓါးတစ်စင်း မ၀ှက်ခဲ့တာတော့ သေချာပါတယ်..။ ကျွန်တော်
ကိုယ်တိုင်ကိုက ဓါးတစ်စင်းဖြစ်နေခဲ့ပြီးမှ နောက်ထပ်ဓါးတစ်စင်းဝှက်မထားဖို့
သိက္ခာလေး နည်းနည်းတော့ ရှိနေသင့်တယ် မဟုတ်လား..။
ဒီလိုနဲ့ပဲ ကျွန်တော် အရှုံးပေးခဲ့ရတယ်..။
ဓါးတစ်စင်းရဲ့ ဘ၀ဟာ တိုက်ပွဲဝင်ဖို့ပဲ လို့ ခံယူထားတဲ့ ကျွန်တော့် အတွက်
ခါးသီးတဲ့ နေ့ရက်တွေဆီ တဖြည်းဖြည်း ရောက်လာတယ်..။
ကျွန်တော့်ကို မေ့နေတဲ့ လက်အဟောင်းတွေကတော့
ဓါးအသစ်တစ်စင်းနဲ့ တိုက်ပွဲအသစ်တွေဝင်…။ ကျွန်တော့်ထက် ရက်စက်တဲ့ ဓါးချက်
အသစ်တွေနဲ့ …….။
ထူးခြားတာက အောင်မြင်မှုအသစ်တွေနဲ့
ပြန်လာတိုင်း Bravo လို့အော်တတ်တဲ့ သူတို့လက်တွေနဲ့ တိုက်နေကျ
ဖန်ခွက်သံတွေအစား ဓါးတစ်စင်းသာ သူတို့ ခေါင်းပေါ်…ပျံဝဲ
…။ချောက်ချောက်ခြားခြား အော်ဟစ်လိုက်တဲ့ (အဲဒီဓါးတစ်စင်းရဲ့)
ရယ်မောသံအောက်မှာ သူတို့ ကျေနပ် နေကြလေရဲ့...။
ကိုယ့်ကိုယ်ကို ပြန်သွေးဖို့တောင် အခွင့်မရှိ
တော့တဲ့ ညတွေသာကြီးစိုးလာတဲ့အခါ… နေရောင်အောက်မှာ တလက်လက် တမြမြ
ကြွားရွားနေရမယ့် ယှဉ်ပြိုင်ပွဲတွေကို လွမ်းလာတယ်..။
ဒီလိုနဲ့ ကျွန်တော့်အပေါ်တက်လာနေတဲ့ သံချေးတွေကို
မနိုင်မနင်းခွာချ….။နောက်ဆုံးတော့ သူတို့ရဲ့ အတ္တတွေက ဓါးတစ်စင်းရဲ့ မာနကို
ထိပါးလာတဲ့ တစ်နေ့မှာ ကျွန်တော့်ကို ထည့်ထားတဲ့ ရမ္မက်ရောင် တောက်တောက်
ဓါးအိမ်အိုထဲက ခုန်ဆင်းရင်း ကျွန်တော် သူတို့ဆီက တိတ်တိတ်ကလေး
ထွက်လာခဲ့တယ်…။ ကျွန်တော် မနှစ်သက်တဲ့ ရနံ့တွေကိုပါ အပြီးအပိုင်
နှုတ်ဆက်ရင်းနဲ့ပေါ့…။
လွပ်လပ်ပေါ့ပါးတဲ့ လေကို တ၀ရှူရင်း
ပထမဆုံးလှမ်းတဲ့ ခြေလှမ်းနဲ့အတူ ရင်ကို ကော့ထားလိုက်ချိန်မှာ အရင်တုန်း
ကလို ပျိုမြစ်မှုတွေကို ခံစားလိုက်ရတယ်..။
တကယ်ဆိုရင် ဓါးတစ်စင်းရဲ့ ဘ၀မှာ (ကိုယ်တိုင်သာ
ထက်မြနေပါစေ..) ခိုဝင်စရာ ဘယ်လို ဓါးအိမ်မျိုးမှ မလိုအပ်ဘူး မဟုတ်လား…….။
No comments:
Post a Comment