Pages

Sunday, January 29, 2012

မြို့ ကလေးရဲ့ ပုံပြင်အို

  “အဖေတို့ ငယ်ငယ်တုန်းကပေါ့ကွယ်….”
                         အဲဒီလို အစချီလို့ ပိန်လှီနေတဲ့ သားငယ်ကို လက်တစ်ဖက်ကဆွဲရင်း ကျန်လက်တစ်ဖက်နဲ့ အရွယ်မတိုင်ပဲ ဆွတ်ဆွတ်ဖြူနေရတဲ့ သူ့ဆံပင်တွေကို သူ ပြန်ထိုးဖွလိုက်မိတယ်။ ကြမ်းတမ်း လိန်ကောက်နေတဲ့  ဆံပင်တွေကို စမ်းမိရင်း သူ့ငယ်စဉ်ဘ၀ကို ပြန်မြင်ယောင်မိတော့ သူ့မျက်ဝန်းမှာ မျက်ရည်တချို့ ဝေ့တက်လာတာနဲ့ သားငယ်လေး မမြင်အောင် မျက်ရည်စတစ်ချို့ကို သူ လက်ခုံနဲ့ အသာအယာ သုတ်ပစ်လိုက်ပါတယ်။
                         ပြီးတော့မှ သားငယ်ကို  တမျှော်တခေါ် ရှိလှတဲ့ မျက်စိတစ်ဆုံး သဲသောင်ပြင်ကြီးကို ခြောက်ကပ်ကပ် လက်ချောင်းတွေနဲ့  ညွှန်ပြလိုက်ရင်း တစ်ထောင့်တစ်ည ပုံပြင်မဟုတ်၊ အာရေဗျ ညပုံပြင်လည်း မဟုတ်ခဲ့တဲ့ သူတို့ရဲ့ နှလုံးသွေးတွေနဲ့ ဖွဲ့ဆိုထားသော သူတို့မြို့လေးရဲ့ ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်ကို စတင်ပြောပြဖို့ သူ နိဒါန်းပျိုးလိုက်ပါတယ်။
                         လေတစ်ချက်အဝေ့မှာ သဲအမှုန်အမွှားတို့ရဲ့ ခပ်ကြမ်းကြမ်း အထိအတွေ့တချို့ကို သူ့ရဲ့ အရေပြားတွေက အသားကျနေသလိုရှိနေတာနဲ့  ရှတတ ထိတွေ့မှုပေးတဲ့ သဲမှုန်တွေကို လက်နဲ့ သပ်ချပစ်လိုက်ဖို့ သူမကြိုးစားမိ ။ သူ့ သားလေးကတော့ သူပြောမယ့် ပုံပြင်ကို ညတိုင်း ကြားနေကျ ပုံပြင်တစ်ပုဒ်နားထောင်ရသလိုထက် မပိုတဲ့ အမူအရာနဲ့သာ သိပ်စိတ်ဝင်စားဟန်မရှိဘဲ  သူ့လက်ထဲကနေ ရုန်းထွက်ဖို့ လူးလွန့်နေလေရဲ့။
                         သူကတော့ ဒါကို ဂရုမထားပဲ ပူခြစ်ပြင်းတောက်လှတဲ့ နေရောင်အောက်မှာ အကာအကွယ်မဲ့ရပ်တည်နေရင်း ခံစားချက်တစ်ချို့ ဖိတ်လျှံကျလို့ သားငယ်လေးရဲ့ လက်ကို ဖျစ်ညစ် ဆုပ်ကိုင်ပြီး ပုံပြင်ကို ဆက်ဖို့ ပြင်လိုက်တယ်။  သူ့ပုံစံက  ပုံပြင်တစ်ပုဒ် သီကုံးပြောပြချင်တဲ့ ပုံစံမျိုးထက် သူ့ဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့ သဘာဝတရားကြီးရဲ့ ရက်စက်မှုတချို့အတွက် နတ်ဘုရားတစ်ပါးကို တိုင်တည်နေသလိုမျိုး ပုံစံ ပိုပေါက်နေပါတယ်။
                       “ အဲဒီတုန်းက.... အဲဒီတုန်းကပေါ့ကွယ်။ ပြောရရင် လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်က အဖေတို့မြို့လေးမှာ ပင်လယ်ကြီးတစ်ခု ရှိခဲ့ဖူးတယ် သားရဲ့။ အခုမြင်နေရတဲ့ သဲပြင်ကြီးနေရာမှာပေါ့။ သားတို့အဖိုးပိုင်ခဲ့တဲ့ သင်္ဘောတွေလည်း မနည်းပဲ။ အဲဒီ ပင်လယ်ကြီး ..... အဲဒီ ပင်လယ်ပြင်ကျယ်ကြီးထဲမှာ ခုတ်မောင်းခဲ့တာပေါ့။ ကုန်တွေ တင်တယ်။ ငါးတွေ အများကြီးလည်း ဖမ်းတယ်လေ။ အခုမြင်နေရတဲ့ သင်္ဘောတွေလည်း အပါအ၀င်ပေါ့ကွယ်။”
                         ပြောရင်းနဲ့ပဲ သူ့ရဲ့သားငယ်ကို သူ့မျက်စိရှေ့ ခပ်လှမ်းလှမ်းမှာ သဘာဝနဲ့ ဆန့်ကျင်လို့ သဲပြင်ပေါ် ကျောက်ချ ရပ်နား ထားတဲ့ သံချေးအထပ်ထပ်နဲ့ သင်္ဘောပျက်တချို့ကို လက်ညှိုးထိုးပြလိုက်တယ်။ သဲပြင်ကို ထွင်းဖောက်လုမတက် ငေးကြည့်နေတဲ့ သူ့မျက်လုံးတွေ အရောင်တလက်လက် ထလို့။
                         ဒါပေမယ့် သူ့ရဲ့သားငယ် ကတော့ သူပြောတဲ့ စကားကို နားမလည်နိုင်သလို ရှိနေပုံနဲ့ ခေါင်းလေးကို စောင်းငဲ့လို့ နေရင်း အတန်ကြာ စဉ်းစားလိုက်ပြီးမှ သူ့ကို စကားတစ်ခွန်း မေးလာပါတယ်။ သူ မမျှော်လင့်ထားခဲ့တဲ့ မေးခွန်းတစ်ခုပါ။
                         “ဖေဖေ…. ခုတ်မောင်းတယ်ဆိုတာ ဘာကို ပြောတာလဲဟင် ။”
                         သူ မှိန်ဖျော့စွာနဲ့ပဲ ခပ်ယဲ့ယဲ့ ပြုံးပြလိုက်ရင်း သားငယ်လေးရဲ့ ခေါင်းကို အသာအယာ ပွတ်ပေးနေမိတယ်။ သူအဖြေ ပေးရတော့မယ်။ သားငယ် နားလည်ဖို့အတွက် သူရှင်းပြဖို့ အကောင်းဆုံး စကားလုံးတချို့ကို ရှာဖွေနေမိတယ်။ သင်္ဘောပျက်ကြီးတွေ တချို့ကတော့  အခုချိန်ထိ ရှိနေပါသေးတယ်။ ဒါပေမယ့် ပင်လယ်ပြင်ကျယ်ကြီးကမှ မရှိတော့တာပဲလေ။ သူ တွေဝေစွာနဲ့ ရှေ့က သဲသောင်ပြင်တစ်ဆုံးကိုပဲ လွမ်းလွမ်းဆွေးဆွေး ငေးမောကြည့်ရင်းနဲ့ သားငယ် နားလည်နိုင်လောက်တဲ့ အလွယ်ကူဆုံး စကားလုံးတချို့ကို သူရွေးသုံးလိုက်ပါတယ်။
                         “ဒီလိုသားရဲ့။ ခုတ်မောင်းတယ်ဆိုတာ ရေပြင်ကြီးပေါ်မှာ အခု သားမြင်နေရတဲ့ ဟိုးက သင်္ဘောကြီးတွေက ရေကူးသလို ကူးနေတာလေ။ ရေ… ရေ ဆိုတာတော့ သားသိမှာပေါ့ကွယ်။”
                         သားငယ်ကတော့ သူ့စကားကို လက်မခံနိုင်စွာနဲ့ပဲ အရူးအနှမ်းတစ်ယောက်ကို ကြည့်သလို သူ့ကို မော့ကြည့်လိုက်ပြီး  
                         “ဟာ.. မဖြစ်နိုင်ပါဘူး အဖေရ။ အခု အဖေပြောတဲ့ ဟောဟိုက သင်္ဘောဆိုတာကြီးက အကြီးကြီးပဲဟာကို။ ဒီနေရာမှာက ရေဆိုတာ အဖေ့သင်္ဘောကြီးတွေ ကူးဖို့မပြောနဲ့။ သားတို့ သောက်ဖို့ ရေတစ်ပေါက်လေးတောင် အနိုင်နိုင် မဟုတ်လား အဖေရ။ ဟိုးမှာ ကြည့်ပါလား။”
                         သားငယ်က ခပ်တိမ်တိမ် ရေငံတွင်းတစ်တွင်းမှာ ရေတစ်ပုံးရဖို့အတွက် တန်းစီစောင့်ဆိုင်းနေရတဲ့ သူ့အမေကို လက်ညှိုးပြန်ထိုးပြလိုက်ရင်း သူ့အပြောကို မယုံကြည်နိုင်စွာနဲ့ ကန့်ကွက်တယ်။
                         သူ ဘာပြန်ပြောရမလဲ။ ကလေးအတွေး ၊ ကလေးဦးနှောက်နဲ့ မီအောင် သူဘယ်လို ရှင်းပြရပါ့မလဲလေ။
                         “ဟိုးအရင်တုန်းက ပြောတာပါကွယ်. . . .”
                        သားငယ်က သူ့စကားကို အရေးမထားတော့ပဲ ကရားရေလွှတ် ဆက်ပြောနေပါတယ်။
                       “ ပြီးတော့ အခုမြင်နေရတဲ့ သင်္ဘောကြီးတွေက အမှန်တော့ သားတို့ ကစားတဲ့နေရာပဲမဟုတ်လားအဖေရ။ သားကတော့ အဲဒီအထဲကို ၀င်ဝင်ပြီးတော့ ကစားရတာပျော်တယ်။ အဲဒါက သားတို့ရဲ့ ကစားကွင်းပါ အဖေရာ။ အဖေပြောတာကြီးကို သားမယုံပါဘူးဗျာ။”
                         သားငယ်ကတော့ သူ့သက်တမ်းတစ်လျှောက်မှာ ပြုလုပ်ခဲ့၊ မြင်တွေ့ခဲ့ရတဲ့ သူ့အမြင်ကိုပဲ မြဲမြံစွာ ဆုပ်ကိုင်လို့ပေါ့။ အခုချိန်မှာ သားကို ပြန်ပြောဖို့ စကားလုံးတွေ ကင်းမဲ့နေမိတာ အမှန်ပါ။ သားငယ်က ရုတ်တရက် သူ့လက်ထဲက ဆတ်ကနဲ ရုန်းထွက်လိုက်ရင်း
                         “ တော်ပြီအဖေရာ။ အဖေက ပုံပြင်ပြောပြမယ်ဆိုပြီး သားကို ညာခေါ်လာတာ။ အလီဘာဘာပုံပြင်လိုလည်း စိတ်ဝင်စားဖို့ မကောင်းဘူး။ သားသွားတော့မယ်။ အဖေပြောတဲ့ သင်္ဘောကြီးထဲမှာ သားသူငယ်ချင်းတွေ ရောက်နေလောက်ပြီ။ ကစားဖို့ သားသွားပြီနော် အဖေ.... ”
                         အပေါက်အပြဲ ဗရပွနဲ့ ပေညစ်ညစ် စွတ်ကျယ်ကို ပခုံးပေါ်ထိ ရောက်အောင် ဆွဲတင်လိုက်ရင်း သားငယ်ကတော့ ပျော်ရွှင်ပေါ့ပါးစွာ ပြေးလွှားသွားလေရဲ့။ ခြစ်ခြစ်တောက် နေရောင်ခြည်အောက်မှာ အပူဒဏ်ကို မမှုဘဲ ခုန်ပေါက်ပြေးသွားတဲ့ သားငယ်လေးရဲ့ ကျောပြင်ကို သဲပြင်ပေါ် တရှိန်ရှိန်တောက်နေတဲ့ နေရောင်တံလျှပ်တွေကြား ဖြတ်ကျော်လို့ မှုန်ဝါးသွားတဲ့အထိ သူလိုက်ကြည့်နေမိပါတယ်။
                         သူ့မျက်ဝန်းမှာ ခိုသီးစပြုနေတဲ့ မျက်ရည်စတချို့ကို သုတ်ပစ်လိုက်ဖို့ သူစိတ်မကူးမိ။ ခပ်ထန်ထန် လေပြေတချို့ရဲ့ နှုတ်ဆက်မှုမှာ သူ့မျက်ရည်တွေနဲ့ သဲမှုန်တချို့ ပေါင်းစပ်သွားခဲ့ပေမယ့် သူဂရုမစိုက်ဘဲ သဲပြင်ပေါ်ကို စိတ်ပျက် အားလျော့စွာနဲ့ ဒူးထောက်ချလိုက်ရင်း အားရအောင် ဆက်ငိုလိုက်မိတယ်။ ဒါပေမယ့် သူ့မျက်ဝန်းကနေ မျက်ရည်တွေကတော့ ထပ် ထွက်မလာတော့ဘူးလေ။ အဲဒါကို သိနေလို့လည်း သူက ဒီမျက်ရည်တွေကို နှမျောတသနဲ့ သုတ်မပစ်ခဲ့တာပါ။
                         တကယ်ဆိုရင် မျက်ရည်ဝအောင်တောင် မငိုရတော့တဲ့ သူ့ဘ၀ကြီးအတွက် သူဘယ်သူ့ကို အပြစ်တင်ရမလဲ။ ကိုယ်ပြုလုပ်ခဲ့တာထက်ပိုပြီး ဒဏ်ခတ်လာခဲ့တဲ့ သဘာဝတရားကြီးရဲ့ ရက်စက်မှု အပေါင်းအတွက် ဘယ်သူ့ကို သွားပြီး တိုင်တည်ရမလဲလေ။ ယူကြုံးမရစွာနဲ့ သဲမှုန်တချို့ကို ရည်ရွယ်ချက်မဲ့ လက်ချောင်းတွေနဲ့ ကုတ်ခြစ်ရင်း ၊ ဒူးထောက်ရင်းနဲ့ပဲ သားငယ်လေးကို ရည်ရွယ်လို့ တစ်ကိုယ်တည်း တတွတ်တွတ် ပြောနေမိပါတယ်။
                         “ ပြီးတော့ စင်ရော်ငှက်ကလေးတွေ လည်း ရှိသေးတယ်သားရဲ့။ အဖေပြောခဲ့တာတွေက တကယ်ပါသားရယ်။ တကယ့်အဖြစ်တွေပါ။ အဖေတို့ရဲ့ မီးနက်ခ်မြို့လေးမှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်တွေပါကွယ့်။ အခုတော့ သမိုင်းမှာ... ဟောဒီ ကမ္ဘာကြီးရဲ့ သမိုင်းထဲမှာပဲ လူမသိ သူမသိ ကျန်ခဲ့ရပြီပေါ့လေ။”
                        သူ တစ်ချက် ရှိုက်လိုက်ပြီးနောက်မှာ အရူးတစ်ယောက်လို သွေးရူးသွေးတန်း အော်ဟစ်လိုက်ချင်ပေမယ့် သူ့လေသံတွေက တိုးညင်းစွာနဲ့ပဲ ထွက်ကျလာပါတယ်။
                        “ အဖေငိုလိုက်လို့ အဖေ့မျက်ရည်တွေသာ ပင်လယ်ပြင်ကြီး ဖြစ်သွားခဲ့လို့ရှိရင် အဖေ ကျေကျေနပ်နပ်ကြီးနဲ့ ငိုပေးချင်ခဲ့တာပါ သားရယ်။ အခုတော့ ငိုတာတောင် မျက်ရည်ဝအောင် မငိုရတဲ့ ဘ၀မှာ အဖေလည်း…. အဖေလည်း…….”
                         သူ့အသံတွေ သိမ်ဝင်သွားပြီး တစ်ဆက်တည်းမှာပဲ သူဒူးထောက်နေရာကနေ သဲပြင်ပေါ်ကို ယိုင်လဲကျသွားပါတော့တယ်။ သဲပြင်ပေါ် မှောက်ရက်သားနဲ့ပဲ သူစပြောခဲ့တဲ့ ပုံပြင်လေးကို အဆုံးသတ်ဖို့ သူ ကြိုးစားလိုက်တယ်။ မပီမသနဲ့ နှုတ်ခမ်းလှုပ်ရုံလေးသာ သူ့တစ်ကိုယ်တည်း ကြားရုံ ဗလုံးဗထွေးနဲ့ပေါ့။
                         ဒါ…ဒါပါပဲ…သားရယ်..။ အဖေ… အဖေ ပြောချင်တဲ့ပုံပြင်လေးကတော့ ဒါပါပဲကွယ်.....။
                         အဆုံးမှာတော့ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတော့တယ်။ ပူပြင်းတဲ့ နေရောင်ခြည်က သူ့ကျောပြင်ကို ၀ါးမြိုတော့မတတ် အာသာငမ်းငမ်း တောက်ပနေပေမယ့် ဒါကို သူ သိတော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် နှစ်ခြိုက်စွာ အိပ်ပျော်နေရင်းနဲ့ တစ်ချက်တစ်ချက် ပြုံးသွားတဲ့ သူ့အပြုံးတွေမြင်နေရတာကြောင့်ပဲ သူ့အိပ်မက်ထဲမှာတော့ သူချစ်တဲ့ ပင်လယ်ပြင်ကြီးထဲ တက်ကုန်ဖွင့် ရွက်လွှင့်လို့ ပျော်နေမှာတော့ သေချာပါတယ်လေ။


                                                                                                              လေးစားလျက်
                                                                                                                လခြမ်းအိမ်
(ကျွန်တော်တို့ ကမ္ဘာကြီး ကျန်းမာပါစေလို့ ဆုတောင်းရင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ရည်ရွယ်လျက် )

 စာကြွင်း...
                 အေရယ်(Aral) ပင်လယ်ဆိုတာ ကျွန်တော်တို့ ငယ်ငယ်က ပထ၀ီထဲမှာ သင်ခဲ့ရဖူးတဲ့ ကုန်းတွင်းပင်လယ်တစ်ခုပါ။ ဥစဘက်ကစတန် နဲ့ ကာဇက်စတန် နှစ်နိုင်ငံ ကြားမှာ ရှိတဲ့ နှစ်နိုင်ငံကို ခွနင်းထားတဲ့ ပင်လယ်ပါ။ လွန်ခဲ့တဲ့ နှစ် (၄၀) လောက်က အေရယ်ပင်လယ်ရဲ့ ကမ်းနဖူးတစ်ခုမှာ မီးနက်ခ် (Muynak) ဆိုတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့ ရှိခဲ့ဖူးပါတယ်။ တကယ်တော့ မီးနက်ခ်ရဲ့ မြို့ နှုတ်ခမ်းမှာသာ အေရယ်ပင်လယ်ကြီးက တည်ရှိခဲ့တာပါ။
                 အခုချိန်မှာတော့ အဲဒီမြို့လေးရဲ့ အနားသတ်မှာ ပင်လယ်ပြင်ကြီးအစား ဆားပေါက်နေတဲ့ သဲသောင်ပြင်ကြီးသာ မျက်စိတစ်ဆုံး ၀င်ရောက်လို့။ အဲဒီ သဲသောင်ပြင်ပေါ်မှာ အရင် ပင်လယ်ပြင်ကြီး ရှိနေတုန်းက ခုတ်မောင်းခဲ့တဲ့ တချို့သော သင်္ဘောပျက်ကြီးတွေ၊ ပြီးတော့ ကျောက်ဆူးကြိုးဟောင်းကြီးတွေကတော့ အခုထိ ရှိပါသေးတယ်။ ရေဆိုတာကတော့ တော်တော်ကို ရှားပါးနေပါပြီ။ သဲသောင်ပြင်ကြီးပေါ်မှာ တူးထားတဲ့ ရေငန်တွင်းတစ်ချို့ပဲ ရှိပါတော့တယ်။ ဒါပေမယ့် အေရယ်ပင်လယ်ကြီးက လုံးလုံးကွယ်ပျောက်သွားတာ မဟုတ်ဘဲ အရင်တုန်းက ကမ္ဘာပေါ်မှာ စတုတ္ထ အကြီးဆုံးပင်လယ် ဖြစ်ခဲ့ပေမယ့် အခုတော့ နဂိုအရွယ်အစားရဲ့ သုံးပုံတစ်ပုံအထိ ကျုံ့သွားခဲ့တာပါ။
                 တစ်ခြားနေရာတွေကနေ အကွာအဝေး အမျိုးမျိုးနဲ့ ကျုံ့သွားခဲ့ပေမယ့် အခုပြောခဲ့တဲ့ မီးနက်ခ်(Muynak) မြို့လေးကနေတော့ အေရယ်ပင်လယ်ကြီးဟာ အမှန်တကယ်ကိုပဲ ကီလိုမီတာ ၂၀၀ လောက် ဝေးကွာသွားခဲ့ပါပြီ။ ဒါက ၂၀၀၂ ခုနှစ်က ပြောခဲ့တာပါ။ အခုချိန်မှာတော့ ကျွန်တော့်အနေနဲ့ ဘယ်လောက်ကွာဝေးနေမှန်း မသိတော့။ အဲဒီမြို့သားတွေကတော့ မြို့ကို စွန့်ခွာသွားကြပြီလို့လည်း နောက်ပိုင်းတွေမှာ ဖတ်မိ ကြားမိပါတယ်။ ကျွန်တော် ဖတ်ခဲ့တဲ့ အမှန်ပြောရရင် ကျွန်တော် အချက်အလက်တွေ ရယူခဲ့တဲ့ ဆောင်းပါးက ၂၀၀၂ ခုနှစ်က ရေးခဲ့တာပါ။ အခုလက်ရှိနဲ့ ကွဲလွဲချက်ရှိခဲ့ရင် ကျွန်တော် လခြမ်းအိမ်ရဲ့ တာဝန်သာ ဖြစ်ပါကြောင်း ၀န်ခံပါတယ်ခင်ဗျာ။

ကိုးကားချက်
- (ဆောင်းပါး)၀ါသွားသောပင်လယ် နဲ့ ဖြူသွားသောကောင်းကင် - နေဦးဝေ Ref; NW – September 2, 2002
 (ကလျာ မဂ္ဂဇင်း-စက်တင်ဘာ ၂၀၀၃)
- (ကမ္ဘာကြီး    ကျန်းမာပါစေ (ဆောင်းပါးများ) - ၂၀၁၀- မတ်လ)

No comments:

Post a Comment