ကျွန်တော် ဒီလမ်းလေးပေါ်က ဖြတ်ဖြတ်သွားတိုင်း သတိထားမိတဲ့
ဆိုင်လေးတစ်ဆိုင်ရှိတယ်။ ပိုစတာတွေ၊ ဝေါလ်ရှိတွေ ရောင်းတဲ့
ဆိုင်ခပ်သေးသေးလေးပါ။ အဲဒီဆိုင်လေးမှာ ဆုံးမစာလိုလို ဆောင်ပုဒ်လိုလို
စာရွက်အချို့ကိုလည်း ဖြန့်ခင်းထားပါတယ်။ တစ်နေ့...ကျွန်တော်ဘာရယ်မဟုတ်
အဲဒီဆိုင်လေးထဲ ၀င်ကြည့်မိတယ်.။ ဆောင်ပုဒ်လေးတွေကို စိတ်ဝင်စားလို့ပါ။
အဲဒီဆိုင်လေးမှာ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုတဲ့ ခပ်ကြောင်ကြောင် စာတမ်းတချို့တွေ့တယ်။
အစွယ်ပေါက်နေတဲ့ လူတချို့ရဲ့ အိမ်ဦးခန်းမှာ
တွေ့ရတဲ့ “ဤအိမ်သည် ...... မေတ္တာရိပ်အောက်၌....” အစချီတဲ့ ဆောင်ပုဒ်တွေလည်း
တွေ့တယ်။
မနက်လင်းတာနဲ့ သူ့အမေဆီက အရက်ဖိုးတောင်းနေတဲ့
အိမ်ဘေးက လူကြီးတစ်ယောက်အိမ်မှာ ကပ်ထားတဲ့ “အမေဆိုတာ....” အစချီပြီး
ရှည်လျားထွေပြားတဲ့ ဆောင်ပုဒ်တွေလည်း တွေ့ရပါရဲ့။
“ရိုးရိုးကျင့်..မြင့်မြင့်ကြံ” ဆိုတာလည်း
တွေ့ရ.။အခုလို ခေတ်ကြီးမှာ ရိုးရိုးကျင့်ရုံနဲ့တော့ မြင့်မြင့်ကြံလို့
မရတော့မှန်း ဆောင်ပုဒ်ရေးသူ သိမသွားရရှာဘူး ထင်ပါရဲ့။
ကျွန်တော်အတန်ကြာအောင် အဲဒီဆောင်ပုဒ်တွေကို
လိုက်ကြည့်ပြီးတော့ သဘောကျသလိုရှိတာနဲ့ တွေးမိတယ်။ လူတွေကိုပါ။
ကျွန်တော်ကတော့ အဲဒီဆောင်ပုဒ်တွေဟာ လူတွေတော်တော်များများ သူတို့မှာ
တကယ်မရှိကြလို့ ရှိသယောင် ဖုံးကွယ်ထားတဲ့ အရာတွေလို့ပဲ မြင်မိတယ်။ တကယ်တော့
ဆောင်ပုဒ်တွေဟာ ဆောင်ပုဒ်တွေလို ရှိနေကြသလို လူတွေကလည်း လူတွေလိုပဲ နေကြတာ
မဟုတ်လား။
ကျွန်တော်အတန်ကြာအောင် ဆိုင်လေးထဲကို
လိုက်ကြည့်နေမိတယ်။ ဆိုင်လေးရဲ့ နောက်ခံနံရံမှာ ညှို့ချက်ပြင်းပြင်း
သရုပ်ဆောင်မှုတွေနဲ့ နံရံပြည့် ခင်းကျင်းထားတာကို တွေ့ရပါတယ်.။
အောက်ခြေကြမ်းပြင်မှာတော့ ဘုရားပုံတော်တချို့..ပြန့်ကြဲလို့ ။ ကျွန်တော်
မဆီမဆိုင်တွေးမိတာတွေကို ခေါင်းထဲက ဆတ်ကနဲ ဖယ်ထုတ်ရင်း
အဲဒီကားချပ်လေးတွေကို ကောက်ကိုင်ပြီး ဖုံတွေခါပေးနေမိတယ်။
“ကောင်လေးရေ... နောက်ပိုင်းတော့ ဦးတို့လည်း
မလုပ်နိုင်တော့ဘူးဟေ့၊ ဒါတွေအားလုံး ဦးတို့ရဲ့ ရောင်းကုန်တွေပဲလေ၊ ဒီလိုပဲ
သဘောထားရတော့တာပဲ” ဆိုင်ရှင်ဦးလေးကြီးကတော့ ပြောပြောဆိုဆိုနဲ့
အိန်ဂျလီနာဂျိုလီကို တယုတယနဲ့ ဖုန်သုတ်ပေးနေလေရဲ့..။ဟုတ်ပါတယ်။
ဦးလေးကြီးကသူ့စီးပွား၊ သူ့ဝမ်းစာအတွက် သူရှာဖွေနေတာပဲလေ ။ ကျွန်တော်ကိုကပဲ
ကြားထဲက အနေအထိုင်မတတ် ၀င်စဉ်းစားနေတာပဲ ဖြစ်မှာပါလေ..လို့
ပဲဖြေတွေးလိုက်တော့မှပဲ ခေါင်းထဲ နည်းနည်းပေါ့သွားပါတယ်။
ကျွန်တော် စဉ်းစားနေတာကို တွေ့သွား၍ထင်သည်။ ဦးလေးကြီးက...
“ကောင်လေး၊ နေရာတကာ လိုက်ပြီး ရင်ဘတ်ကြီးနဲ့
လိုက်မဖတ်နဲ့ ၊ မင်းပဲ ခံစားရလိမ့်မယ်ကွဲ့၊ ဦးအတွေ့အကြုံအရ ပြောပြတာပါ”ဟု
ပြော၏။ကျွန်တော် ဦးလေးကြီးကို တစ်ချက်ပြုံးပြလိုက်ရင်း
တစ်ခုခုပြောမည်လုပ်ပြီးမှ မပြောတော့ဘဲ..
“ဟုတ်ကဲ့ပါ ဦးလေး၊ ကျွန်တော် မှတ်ထားပါ့မယ် ”
လို့ပဲ ပြန်ပြောလိုက်၏။ တကယ်တော့ နေရာတကာ အတွေ့အကြုံကသာ အရေးကြီးနေရင်
အသက်ကြီးတဲ့ လူကြီးတိုင်း ဘာလို့ လူကောင်း မဖြစ်တာပါလိမ့်...၊အင်း ...
အတွေ့အကြုံကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်... ဟု ခပ်ချော်ချော် စဉ်းစားမိရင်း
ကိုယ့်ကိုယ်ကို သဘောကျသလို ရှိလာတာနဲ့ ကျွန်တော်ရယ်နေမိ၏။ ကျွန်တော်
ရယ်နေတာကို တွေ့တော့ ဦးလေးကြီးက နားမလည်သလိုနဲ့ ကျွန်တော့်ကြည့်ရင်း
စကားဖြတ်ချင်တယ် ထင်ပါရဲ့။
“ကဲ .. မင်းလိုချင်တာ ဘာလေးလဲ..၊ ဦးလေး
ကူရှာပေးမယ်လေ” ဟုပြောလာသောအခါမှ ကျွန်တော့် လာရင်းကိစ္စကို
သတိရမိသွားတယ်..။
“အင်း ဦးလေးဆိုင်ကို လှည့်ပတ်ကြည့်နေတာနဲ့
မေ့တောင်မေ့နေပြီ၊ သိပ်တော့ အရေးမကြီးပါဘူး..၊ တွေ့မလားလို့ရှာနေတာ၊
........................... ဆိုတဲ့ ဆောင်ပုဒ်လေးလေ၊ အဲဒါကို ရှာတာ
မတွေ့လို့”
“ဟာ.... ရှိတယ် ရှိတယ်၊ အဲဒါလေးက
တော်တော်ရောင်းရလို့ ဦး အများကြီး မှာထားတာကွဲ့၊ နောက်ထဲမှာ
မထုတ်ရသေးလို့၊ခဏစောင့်” လို့ပြောပြီး ဆိုင်နောက်ထဲကို ၀င်သွားတယ်။
ပြန်ထွက်လာတော့ သူ့လက်ထဲမှာ အလိပ်လိုက် ပါလာတယ်။အချပ်ရေ
တော်တော်များပါလိမ့်မယ်။
“ကောင်လေး..ရော့” ဦးလေးကြီးက အလိပ်ထဲကနေ တစ်ချပ်ကို ထုတ်ပေးတယ်။
“မဟုတ်ဘူး ...ဦးလေး၊ ကျွန်တော်က အကုန်ယူမှာပါ”
ဦးလေးကြီးကတော့ အံ့အားတသင့်နဲ့ ကျွန်တော့်ကို ငေးကြည့်လို့ပေါ့။
ကျွန်တော်ကတော့ ဘာမှမဖြစ်သလို တစ်ချက်
ပြန်ပြုံးပြလိုက်ရင်း ကျသင့်ငွေ ရှင်းပြီး ဆိုင်လေးထဲက ထွက်လာခဲ့တယ်။
လမ်းပေါ်ရောက်တာနဲ့ ဦးလေးကြီးပြောတဲ့စကားတစ်ခွန်းကို နှုတ်က ဖွဖွ
ရေရွတ်ရင်း အားရပါးရ ရယ်မောနေလိုက်မိတယ်။
“နေရာတကာကို ရင်ဘတ်ကြီးနဲ့ ဖတ်ရင် မင်းပဲ ခံစားရလိမ့်မယ်တဲ့လား.. ဟား...ဟား...ဟား...ဟား”
“ဟား...ဟား...ဟား...ဟား”
“ဟား...ဟား...ဟား...ဟား”
ရယ်လို့ ၀သွားတာနဲ့ လမ်းသွားလမ်းလာတချို့ရဲ့
အကြည့်ကို ဥပေက္ခာ ပြုရင်း အိမ်ပြန်ဖို့ ခြေလှမ်းကို ခပ်သွက်သွက်
လှမ်းလိုက်ပါတော့တယ်။
ကျွန်တော်အိမ်ပြန်ရောက်ရင် ဒါတွေကို
ပြန်ကပ်ရဦးမယ် ။ နေရာအနှံ့ပေါ့..။ ခြံတံခါးဝမှာ..၊ လမ်းပေါ်မှာ...၊
ဘုရားခန်းမှာ..၊ ပန်းခင်းတွေပေါ်မှာ..၊ အိပ်ခန်းနံရံတွေပေါ်မှာ...၊ ပြီးတော့
............ကိုယ့်ကိုယ်ကို ပေါ်မှာ ။ ကျွန်တော့်မှာမရှိတဲ့
အရာတချို့အတွက် ကျွန်တော့်ကိုယ် ကျွန်တော် ဖုံးကွယ်မှုတချို့
လုပ်ရဦးမယ်လေ။
.........................................................
.........................................................
.........................................................
လူကြီးလူကောင်းယောင်ဆောင်ဖို့ ..............။ ။
No comments:
Post a Comment