အချိန်ကား ကမ္ဘာ့သမိုင်းဝင် အကြမ်းဖက်သမားကြီးတစ်ဦး ဖြစ်သော
အိုစမာဘင်လာဒင် လုပ်ကြံခံရပြီး ၁၀၃ နှစ် အကြာ၊ အတိအကျ ဆိုရသော် အေဒီ -
၂၁၁၄…။
သမိုင်းတွင်မကြုံဖူးသော လူဦးရေ တိုးပွားမှုပူဖောင်းကြီး
ပေါက်ကွဲပြီးသကာလ ကမ္ဘာပေါ်တွင် စီးပွားရေး၊ လူမှုရေး ပါရာဒိုင်း
အပြောင်းအလဲများ တိုးတက်ဖြစ်ပေါ်လျက်ရှိသည်။ဈေးကွက်စီးပွားရေးစနစ်ကို
တစ်ကမ္ဘာလုံး ကျင့်သုံး ကြသည့်နောက်ပိုင်း ပုဂ္ဂလိက လုပ်ငန်းရှင်များက
စီးပွားရေးဈေးကွက်များ အပြိုင်အဆိုင် ချဲ့ထွင်လာကြသဖြင့် တစ်နိုင်ငံနှင့်
တစ်နိုင်ငံ ၊တစ်မြို့နှင့်တစ်မြို့ ဆက်စပ်ကာ ရွာကြီးတစ်ရွာအဖြစ်
လုံးလုံးလျားလျား ဖြစ်ပေါ်လာလေသည်။
မနက်စောစောပိုင်း မဟာတံတိုင်းကြီးပေါ်တွင် အညောင်းပြေ
လမ်းလျှောက်၍ နေ့လည်၌ ဟာဝိုင်အီကျွန်းတွင်အပန်းဖြေပြီး ညနေစောင်း
အချိန်ရောက်သောအခါ ပဲရစ်မျှော်စင်ကြီးအောက်တွင် ၀ိုင်တစ်ခွက် သောက်ကာ
အေးအေးလူလူနေနိုင်သည်အထိ တိုးတက် မြင့်မားလာသော
ပို့ဆောင်ဆက်သွယ်ရေးနည်းပညာများ အစွမ်းကြောင့် ၄င်းခေတ်တွင် မွေးဖွားသော
လူသားများအနေဖြင့် ကမ္ဘာပေါ်တွင် အဆင့်အတန်း မြင့်မားစွာ နေထိုင်နိုင်ကြသည်
ဟူသတတ်။
“ဟဲလို..ဦးလား အခုဘယ်ရပ်ကွက်ကို ရောက်နေလဲဟင်…
မီးဆီမလာတာ ကြာပြီနော်…” ထိုင်းလင်းဟူသော ရပ်ကွက်မှ မဒီလေးတစ်ယောက်က
အရှေ့တောင်အာရှ မြို့နယ်ရှိ အထင်ကရရပ်ကွက်တစ်ခုမှ သူ့ဘဲကြီးဆီသို့ လှမ်းကြူ
နေခြင်းဖြစ်သည်။
“သြော် .. မီးလေးကလည်း… အခု ဦးက ကမ္ဘာ့ရွာအလယ်ပိုင်းက
ပြင်သစ်ဆိုတဲ့ရပ်ကွက်ကို ရောက်နေ တာလေ ကိုယ့် စီးပွားရေးမိတ်ဆွေတွေက
ပီဇာဆိုတဲ့မုန့်ကိုမှ စားချင်လို့တဲ့… အဲဒါလိုက်ကျွေးနေတာ…ဒါနဲ့ …မီးလေး
အားလားဟင် … အရင်တုန်းကသွားတဲ့ ရွာစွန်က ဟာဝိုင်အီဆိုတဲ့
ရပ်ကွက်ကျွန်းလေးမှာ တွေ့ကြရအောင်လေ…အင်းပါ အင်းပါ စိတ်ချပါ ဦးရဲ့ရင်ထဲမှာ
မီးလေးအမြဲတမ်းရှိပါတယ်...မီးလေးရှိတဲ့ဆီကို ဦး ဒရိုင်ဘာလွှတ်ပေးလိုက်မယ်…
အလှပြင်ထားနော်… ဦးကိုချစ်တယ်မလား…ဟုတ်ပြီ စိတ်ချ ၀ယ်ပေးမယ် ၀ယ်ပေးမယ်
ဒါပဲနော်….”
ကမ္ဘာအကြီးဆုံး မျိုးစေ့မျိုးစုံရောင်းဝယ်ရေး ကုမ္ပဏီကြီးမှ
သူဌေးကြီး ဦးသာဂိ နှင့် သူ၏ စမောလေးတို့ အပြန်အလှန် ပြောဆိုနေ ကြသည်ကို
ကြည့်ခြင်းအားဖြင့် ကမ္ဘာဆိုသည့် ရွာကြီး မည်မျှအထိ တိုးတက်နေသည်ကို
တွေ့နိုင်၏။
ဦးသာဂိမှာ သူ၏ ဘိုးဘေးတို့ လက်ထက်က အတိုင်းအဆမရှိ
ခုတ်ယူ သုံးစွဲခဲ့၍ မျိုးတုန်း သလောက်ဖြစ်သွားခဲ့သည့် ကျွန်း၊ ပျဉ်းကတိုး
စသည့် ရှားပါး သစ်ပင်ကြီးများ၏ မျိုးစေ့၊ မြို့ပြများ
တိုးချဲ့လာကြသောကြောင့် စိုက်ပျိုးစရာလယ်မြေများ ဧရိယာနည်းပါး လာသဖြင့်
လူများဈေးကြီးပေး ၀ယ်စား နေကြရရှာသည့် ဆန်စပါးမျိုးစေ့ စသည့်
ရှားပါးမျိုးစေ့များ၊ပျိုးပင်များကို ရောင်းချသော ကုမ္ပဏီ ပိုင်ရှင်
သူဌေးကြီး ဖြစ်သည်။ အိမ်တွင်အလှစိုက်ရန် လာရောက်ဝယ်ယူကြသည့် လူကုံထံများ၏
ကိုယ်ပိုင်လေယာဉ်များမှာ တိုးမပေါက်အောင် များပြားလွန်းလှသည့်အတွက်
ဦးသာဂိ၏ ဆိုင်ရှေ့တွင် ၄င်းတို့အတွက် သီးသန့် ပါကင်ပါ ဆောက်ပေးထားရ၏။
အွန်လိုင်းမှ အလွယ်တကူ ၀ယ်ယူရရှိနိုင်သော်လည်း ယခုအချိန်၌
လူအများအတွက် အွန်လိုင်းဆိုသည်မှာ လူလိမ်များ၊ သူခိုးများ၊ လူပွဲစားများသာ
ကြီးစိုးသည့် အဆင့်မြင့် ဒုစရိုက်နယ်ပယ်တစ်ခု ဖြစ်လာသောကြောင့် ယခင်ကဲ့သို့
လူတိုင်း ဆိုရှယ်ကျကျ သုံးနေကြသော အွန်လိုင်းဘ၀မှ လျောကျခဲ့သည်မှာ နှစ်
လေးငါးခြောက်ဆယ်ခန့်ပင် ရှိနေပြီ ဖြစ်သည်။ သက်ဆိုင်ရာ နည်းပညာ
ကျွမ်းကျင်အရာရှိများက အွန်လိုင်းဆက်သွယ်ရေးစနစ်များကို အလွယ်တကူ ဖြတ်တောက်
နိုင်သော်လည်း လွန်ခဲ့သည့် နှစ်တစ်ရာစွန်းစွန်းခန့်ကပင် အမြစ်တွယ်နေ သည့်
ခြစားမှုဆိုသည့် လာဘ်ပေး ၊လာဘ်ယူမှုများမှာ ယခုအထိ အမြစ်မပြတ်ဘဲ
ရှိနေသေးသဖြင့် ဒုစရိုက်သမားများထံမှ တန်စိုး လက်ဆောင်များ လက်ခံ၍
သက်ဆိုင်ရာ အိုင်တီ အရာရှိများက မျက်စိမှိတ်နေကြသည့်အလျောက်
အွန်လိုင်းဆိုသောအရာမှာ ဒုစရိုက်သမားများ အတွက် လွပ်လပ်သော နယ်ပယ်တစ်ခုလည်း
ဖြစ်နေလေ၏။နည်းပညာ၏တိုးတက်မှုလား၊ ဆုတ်ယုတ်မှုလား မည်သို့ သတ်မှတ်ရမည်
မသိကြတော့အောင် ဖြစ်ပေါ်နေသော်လည်း အနှီခေတ်ကာလကြီးတွင် အင်တာနက်ကဖေးမှ
ထွက်လာ သူများ၊ ၀ိုင်ဖိုင်ဧရိယာ အတွင်း အွန်လိုင်း တက်နေကြသူများမှာ
လူအများ၏ နှာခေါင်းရှုံ့ခြင်း ခံနေရသည်ကတော့ အမှန်ပင်ဖြစ်သည်။
ဆန်စပါးများလည်း ရှားပါးလာ၍ ဈေးနှုန်းများ အဆမတန်
မြင့်တက်လာသည့်အလျောက် ဟိုးရှေးအခါက ရွှံ့ထဲ ဗွက်ထဲ ရုန်းကန်နေရသည့်
လယ်သမားအလုပ်ကို လုပ်ကိုင်နေရသည့်သူများမှာ အလိုလိုနေရင်း လက်ဖျားငွေသီးကာ
အဆင့် အတန်း မြင့်မားလာရုံမက ကမ္ဘာ့အချမ်းသာဆုံး လူဦးရေ တစ်ရာစာရင်းတွင်
ရာနှုန်းငါးဆယ်ကျော် ပါဝင်လာ သောကြောင့်ဂင်းနစ်ဟူသည့်
ကမ္ဘာ့စံချိန်မှတ်တမ်းတင်မှတ်သားကြသည့်အဖွဲ့၏ ထုတ်ပြန်ကြေငြာချက်တွင် လယ်ယာ
စိုက်ပျိုးရေးလုပ်ငန်းမှာ ကမ္ဘာ့တွက်ချေ အကိုက်ဆုံး လုပ်ငန်းတစ်ရပ်အဖြစ်
ပထမဆုံး ပါဝင်ခွင့် ရလာလေ၏။
ထို့အပြင် ၀မ်းနည်းစရာကောင်းသည့်အရာတစ်ခုမှာ
သူဌေးဦးသာဂိ သူ၏စမောလေးဆီ လွှတ်လိုက်မည်ဆိုသည့် ဒရိုင်ဘာဆို သည်ကား
မော်တော်ကားမောင်းသော ဒရိုင်ဘာကို ခေါ်ဆိုခြင်းမဟုတ်ချေ။ သူ၏
ကိုယ်ပိုင်လေယာဉ်များ အနက်မှ သူ၏စမောလေး အတွက် သီးသန့်သုံးသော
လေယာဉ်ကိုမောင်းနှင်သည့် ပိုင်းလော့ကို ခေါ်ဆိုခြင်း ဖြစ်လေသည်။ သူတို့၏
လက်ရှိကမ္ဘာတွင် ဘီးလေးဘီး ပါသော မော်တော်ကားအရေအတွက်မှာ ကမ္ဘာရွာရှိ
ရပ်ကွက်တစ်ခုနှင့် တစ်ခုအကြား ဥဒဟို သွားလာပျံသန်းနေသောတစ်ကိုယ်ရေသုံး
လေယာဉ်ပျံမျိုးစုံတို့၏ အရေအတွက်ထက်ပင် အဆမတန် နည်းပါးလျက်ရှိရာ
လေယာဉ်မောင်းသော ပိုင်းလော့တို့မှာ အလိုလိုနေရင်း ဒရိုင်ဘာဘဝ
ရောက်သွားကြရှာ၏။ ထို့ကြောင့် မော်တော်ကားဆိုသည်မှာလည်း ကမ္ဘာ့ရွာတွင်
လူနည်းစုသာရှိသော ဆင်းရဲသား ၊ ငမွဲ ၊ ငနုံများသာ စီးသည့် အောက်တန်းစား
သယ်ပို့ယာဉ် တစ်ရပ်အဖြစ် သတ်မှတ်ခံထားရသည့် လူစီးယာဉ် တစ်မျိုးသာ
ဖြစ်သွားလေသည်။ မော်တော်ဆိုင်ကယ် ဆိုလျှင်လည်း စီးမည့်သူမည့်သူ မရှိ၍
ထုတ်လုပ်သည့်ကမ္ပဏီများ ဖျက်သိမ်းသွားခဲ့ရသည်မှာ လွန်ခဲ့သော အနှစ် ရှစ်ဆယ်
ခန့်ကတည်းက ဖြစ်သည်။
သို့ရာတွင် မော်တော်ဆိုင်ကယ်မှာ ယခုအချိန်တွင် ကမ္ဘာပေါ်၌
အလွန်တရာရှားပါးလာပြီး အရေအတွက် ရာဂဏန်းမျှသာ ရှိတော့သည် ဖြစ်ရာ
မော်တော်ကားနှင့် ဆန့်ကျင်ကာ ရှေးဟောင်းပစ္စည်းအဖြစ်တစ်မျိုး၊
လူချမ်းသာများက အိမ်တွင် ဖော်ရှိုးပြရန် တစ်သွယ် တန်ဖိုးငွေ
မြောက်မြားစွာဖြင့် မှောင်ခိုလောကတွင် ရောင်းပန်းလှလျက် ရှိရာ
ယခင်နှစ်ငါးဆယ်၊ တစ်ရာခန့်က ပေါပေါ လောလော ၀ယ်စီးရသော တရုတ်ဆိုင်ကယ်များမှာ
ယခုအခါ တန်ဖိုးမြင့် ရှေးဟောင်းပစ္စည်းများ ဖြစ်သွားကြ လေသည်။
“စီးဟောင်းဘီးတွေရမယ်နော်..စီးဟောင်းဘီးတွေ ..အီစိတွေနော်
ဝလို့အဘိုးခေတ်က ထုတ်လုပ်ထားတဲ့ တန်ဖိုးကြီး စီလုပ်ပိစီး အစိတွေပါ …”
“လာထား.. လာထား ဦးသူ ရမယ်နော် ရှေးဟောင်းရုပ်ကြွင်းတွေ
..ဒိုင်နိုဆော အရိုးစုကနေ စီရော်နယ်ဒို ခြေသလုံးရိုးနဲ့ အိုဘားမား
ခေါင်းခွံအထိ ခေတ်အဆက်ဆက် တန်ဖိုးကြီးခဲ့တဲ့ ပစ္စည်းတွေ…..လိုတာ
အားလုံးရနိုင် တယ်နော် …….”
“ဘာယူမလဲခင်ဗျ …အိုင်ပက် ဟုတ်လား …ဘာပါလိမ့် သြော် သိပြီ
…ဟိုးခေတ်ကလူတွေ အရူးထခဲ့ဖူးတဲ့ ကျောက်သင်ပုန်း လိုလို ဟာကိုပြောတာလား..
လောလောဆယ်မရှိသေးဘူးခင်ဗျ..အဲဒီဟာက တော်တော်ရှားတယ်ဗျ..
နောက်နှစ်ရက်လောက်နေရင် လာကြည့်ပါလား .. အမှိုက်ပုံတွေဆီလွှတ်ထားတဲ့
ကျွန်တော့်အဖွဲ့တွေ ပြန်လာရင် ရှာကြည့်ပေးမယ်လေ..”
မှောင်ခို ရှေးဟောင်းပစ္စည်း အရောင်းဆိုင်များမှ
ဈေးခေါ်သံများကလည်း ကမ္ဘာပေါ်တွင် မည်သည့်အရာမျှ တည်မြဲမှုမရှိသည့် သဘောကို
ဖော်ပြနေသလားဟုပင် ထင်နေရလောက်သည်။
မည်သည့်အရာမဆို ခလုတ်တစ်ချက်နှိပ်ရုံဖြင့်
ခိုင်းစေ၍ရသောကြောင့် လူအတော်များများ ပျင်းရိလာကြပြီး လူသားလုပ်သား
အရင်းအမြစ်များ ရှားပါးလာသော်လည်း စက်ရုပ်ကိရိယာများဖြင့် နေရာတိုင်း
အစားထိုးဝင်ရောက်လာရာ အချို့လုပ်ငန်းအတော် များများတွင် လူဟူ၍ပင်မရှိ
၊စက်ရုပ်များကပင် စိုက်ပျိုးခြင်း၊ ကုန်ကြမ်းထုတ်ခြင်း၊
ကုန်ချောထုတ်ခြင်း၊ရောင်းချခြင်း များကို လူတို့အစား ဆောင်ရွက်လျက်ရှိရာ
ယုတ်စွအဆုံး အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း
စက်ရုပ်များကပင်ဆုံးဖြတ်လုပ်ဆောင် လျက်ရှိ လေသည်။ သို့ဖြစ်ရာ လူအင်အားဖြင့်
ပြုလုပ်ရသော လုပ်ငန်းများ၏ တန်ဖိုးများလည်း အလိုလိုနေရင်း
မြင့်တက်လာခဲ့လေသည်။
လူဟူသော သတ္တ၀ါမှာ နဂိုကတည်းကပင်
ရူးကြောင်ကြောင်အမျိုးဖြစ်သောကြောင့် မြို့ထဲဟိုနားဒီနား သွားရာတွင်
လူကိုယ် တိုင် နင်းသော ဆိုက်ကားကို ရှေးဟောင်းအငွေ့အသက်ရစေရန် ဟူသော
အကြောင်းပြချက်ဖြင့် တန်ဖိုးထားပြီး ဈေးကြီးပေးကာ
အပန်းဖြေစီးနင်းကြသည့်အတွက် ဆိုက်ကား ဆရာဆိုသည်မှာလည်းလူချမ်းသာ
စာရင်းဝင်များပင် ဖြစ်ကြလေ၏။ ယင်းကဲ့သို့ ၀န်ဆောင်ခ ကြီးမြင့်သည့်အတွက်
အရင်ခေတ်ကလို ဆိုက်ကားကို လူတိုင်း နင်းစား၍မရ။စနစ်တကျဖြင့်
အပြည်ပြည်ဆိုင်ရာ ဆိုက်ကားနင်းနည်းပညာ တက္ကသိုလ် တက်ရောက်ပြီးမှသာ
တရားဝင်နင်းခွင့်ရကြသည့်အတွက် တန်ဖိုးကြီး ဆိုက်ကားဆရာများ မွေးထုတ်ပေးသည့်
ယင်းတက္ကသိုလ်မှာလည်း ခေတ်အဆက်ဆက် နာမည်ကြီးခဲ့သည့် အောက်စဖိုဒ့်၊
ကိန်းဘရစ်ခ်ျ၊ ယေးလ် စသည့် တက္ကသိုလ်များကို ကျော်ဖြတ်ကာ
ကမ္ဘာ့လူကြိုက်အများဆုံး တက္ကသိုလ်အဖြစ် တစ်ကမ္ဘာလုံးမှ ကျောင်းသားများ
ဈေးကြီးပေးတက်ကြကုန်၏။
ငါ့သားကဟိုကျောင်းတက်နေတာ၊ ငါ့သမီးက ဘယ်ကျောင်းမှာ
စသဖြင့် အချင်းချင်းကြွားဝါကြသော မိန်းမတို့ ၏ စကားဝိုင်းတွင်…… …..
“ ငါ့သားက ဆိုက်ကားနည်းပညာ တက်နေတာလေ…” ဟူသော စကား
တစ်ခွန်းကို ကြွားနိုင်သူကစကားဝိုင်းတွင် အကောင်ဖြစ်နေ သည်အထိ
နာမည်ကျော်ကြားနေသောကြောင့် ဆိုက်ကားနင်း နည်းပညာတက္ကသိုလ်မှာ လူချမ်းသာ
သားသမီးများသာ တက်ရောက်နိုင်သော တက္ကသိုလ်အဖြစ် ၀င့်ကြွားနိုင်သော ကာလလည်း
ဖြစ်လေသည်။
သို့ရာတွင် နည်းပညာများ ၊ စီးပွားများ အဖက်ဖက်မှ
တိုးတက်လာသော်လည်း ဟိုးယခင် ကမ္ဘာဦးကာလကတည်းက လူအများ
စူးစမ်းရှာဖွေနေကြသည့် ဆေးဝါးတစ်မျိုးကို မည်သည့်ပညာရှင်ကမှ ယခုအချိန်အထိ
မရှာဖွေ ၊မဖော်စပ် နိုင်ကြသေးပေ။၎င်းမှာ လူအများ၏ ဆန္ဒတွင် အငမ်းမရ
တောင့်တနေကြသည့် မသေဆေး(သို့) အသက်ရှည်ဆေးပင်ဖြစ်သည်။ကမ္ဘာ့ဆေးပညာရှင်များက
စုပေါင်း၍ မည်သို့ပင် ကြိုးစားဖော်စပ်ပါသော်လည်း မရရှိခဲ့သည့် အတွက်
အဆိုပါဆေး ဖော်စပ်နိုင်သူအား ဆုတော်ငွေ သန်းပေါင်းများစွာ ချီးမြင့်မည်ဟု
ကြေငြာချက်တစ်ရပ်ထုတ်ကာ အွန်လိုင်းတွင်ကြော်ငြာခြင်း၊စာစောင်
ဂျာနယ်များတွင် ကြော်ငြာခြင်း၊ တယ်လီဗေးရှင်းတွင် ကြော်ငြာခြင်း …စသဖြင့်
အမျိုးမျိုး ဆောင်ရွက်ကြလေ၏။ သို့ရာတွင် ကြော်ငြာခသာ
ထောင်းသွားသည်၊ဖော်စပ်နိုင်သည့်သူ တစ်ဦး တစ်ယောက်မျှ ပေါ်ထွက်မလာခဲ့ပေ။
ထို့အပြင် ကမ္ဘာ့ လူဦးရေ အဆမတန် တိုးပွားလာမှုနှင့်အတူ
ကမ္ဘာ့အုပ်ချုပ်မှုအဖွဲ့အစည်းအတွက် ခေါင်းခဲစရာ မထင်မှတ် ထားသော ပြသနာ
တစ်ရပ်လည်း ကမ္ဘာပေါ်တွင် ဖြစ်ပေါ်လျက်ရှိသည်။ ၄င်းမှာ ကမ္ဘာပေါ်တွင်
နေ့စဉ်နေ့တိုင်း လူပေါင်း သိန်းနှင့်ချီ မွေးဖွားနေသလို လူပေါင်း
သိန်းချီမှာလည်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးလျက်ရှိရာ နေ့စဉ်
ကလေးများ မွေးဖွားရန် ဆရာဝန် ၊ ဆေးရုံ အလုံအလောက် ရှိသည့်အတွက်
အဆင်ပြေနေသော်လည်း အလွန်များပြားလျက်ရှိနေသော သေဆုံးသူ အရေအတွက်ကြောင့်
အခက်တွေ့နေကြခြင်းဖြစ်၏။ အဓိက ပြသနာမှာ ၄င်းတို့ကို မီးသဂြိုဟ်ရန်
ကမ္ဘာ့အစိုးရ၌ မီးသဂြိုဟ်စက် အလုံအလောက်ရှိသော်လည်း စေတနာ့ဝန်ထမ်းများ
နိုင်ငံ့ဝန်ထမ်းများ အလုံအလောက် မရှိခြင်းပင်ဖြစ်သည်။ လွန်ခဲ့သည့်
အချိန်များက ၄င်းလုပ်ငန်းများအတွက် နာမည်အမျိုးမျိုးဖြင့် အဖွဲ့အစည်းများက
အခမဲ့ကူညီခဲ့၍ အခက်အခဲမရှိခဲ့သော်လည်း ၂၁ ရာစု နှောင်းပိုင်းမှစ၍ လူတို့၏
အမူအကျင့်များ ပြောင်းလဲလာပြီးသည့်နောက် လူတော်တော်များများတွင်
အတ္တစိတ်များ များပြား လာပြီး ပရဟိတစိတ်များ တဖြည်းဖြည်း
လျော့နည်းလာခဲ့သည်ဖြစ်ရာ ၄င်းနာမှုကူညီရေးလုပ်ငန်းများတွင် စိတ်ရောကိုယ်ပါ
နစ်မြှုပ်လုပ်ကိုင်မည့် စေတနာ့ ၀န်ထမ်းများ ရှားပါးလာခဲ့၏။
ထို့ပြင် ၄င်းလုပ်ငန်းများမှာ
လူမှုရေးလုပ်ငန်းများနှင့် ဆက်စပ်နေသောကြောင့် စက်ကိရိယာများဖြင့်
အစားထိုးဆောင်ရွက် လုပ်ကိုင်ရန်လည်း မဖြစ်သည့်အတွက် ကမ္ဘာ့အစိုးရမှ
လျှောက်လွှာများခေါ်ယူ၍ ၀န်ထမ်းအများအပြား ခန့်ထား ခဲ့သော်လည်း လစာနည်း သည်က
တစ်ကြောင်း၊ ကြားပေါက်မရသည်ကတစ်ကြောင်း စသဖြင့် အကြောင်းအမျိုးမျိုးကြောင့်
နှုတ်ထွက်သွားကြသည်က ခပ်များများ ဖြစ်ရာ ကမ္ဘာနှင့်အ၀ှမ်းရှိ သက်မဲ့
ရုပ်အလောင်းများအား အချိန်နှင့် တပြေးညီ သဂြိုဟ်နိုင်ရန်အတွက်
ကမ္ဘာ့အစိုးရအဖွဲ့မှ အောက်ပါ အတိုင်း အရေးပေါ် ကတ်ဘိနက် အစည်းအဝေးတစ်ရပ်ပင်
ပြုလုပ်ကာ နည်းလမ်းအမျိုးမျိုး ရှာခဲ့ရ၏။
“ကဲ …မင်းတို့သိကြတဲ့အတိုင်းပဲ..
ငါတို့အဖွဲ့ဝင်တွေအားလုံးပါဝင်တဲ့ ကမ္ဘာ့အစိုးရအဖွဲ့ဟာ ကိုယ်ကျိုးမဖက်
အပြုသဘော ဆောင်ပြီးအုပ်ချုပ်လာခဲ့တာ ကြာပြီ…အခုတော့ သမိုင်းမှာ ရှက်စရာ
ကောင်းလောက်အောင် ဖြစ်တဲ့ မထင်မှတ်ထားတဲ့ ပြသနာတစ်ခုနဲ့ပဲ
ငါတို့အစိုးရအဖွဲ့ကို ကမ္ဘာသူ.. ကမ္ဘာသားတွေ ငြိုငြင်နေကြပြီ..
အားလုံးဒီကိစ္စကို ကိုင်တွယ် ဖြေရှင်း နိုင်ဖို့အတွက် ကောင်းမွန်တဲ့
အကြံဥာဏ်တွေ လွတ်လွတ်လပ်လပ်ပေးနိုင်ပါတယ်…..” ကမ္ဘာ့သမ္မတကြီးက အစည်းအဝေးကို
စတင်ဖွင့်လှစ်လိုက်သည်။
စတင်ပြီး မရှေးမနှောင်းတွင်...........
“သက်မဲ့ခန္ဓာကိုယ်တွေကို သဘာဝနည်းနဲ့ ဆွေးမြည့်စေပြီး
သဘာဝမြေသြဇာ ထုတ်လုပ်ရင်ကောင်းမယ်” ကမ္ဘာ့ စိုက်ပျိုးရေး ဆိုင်ရာ ၀န်ကြီးက
ပထမဆုံး အကြံပြု၏။
“ဒါမှမဟုတ် ဓါတုနည်းနဲ့ လောင်ကျွမ်းစေပြီး
လောင်စာအသစ်တစ်မျိုး ခပ်များများထုတ်ရင် ဖြစ်နိုင်တယ် ဒါမှ လူတွေရှိနေသ၍
လောင်စာတွေ ရှိနေမှာပဲ ” စွမ်းအင်ဆိုင်ရာ ၀န်ကြီးတစ်ဦးကလည်း ယင်းသို့
အဆိုပြု၏။
“အဲဒါတွေထက် ပိုကောင်းတဲ့ အကြံတစ်ခု
ပေးချင်ပါတယ်..သေဆုံးမှုတွေကိုတော့ တားလို့ရမှာ မဟုတ်ဘူး.. ငါးနှစ်အတွင်း
တစ်အိမ်ထောင်ကို အများဆုံး တစ်ယောက်နှုန်းနဲ့ သာ သေဆုံးခွင့်ပေးပြီး
ပိုပြီးသေဆုံးရင် ဒဏ်ငွေ ဖြစ်ဖြစ်၊ အခွန်ငွေဖြစ်ဖြစ် နှုန်းထားတစ်ရပ်
သတ်မှတ်ပြီး ကောက်ခံမယ်ဆိုရင်တော့ ကျွန်တော်တို့ ရွာကြီးအတွက်
တစ်ဖက်တစ်လမ်းက အကျိုးရှိမယ်ထင်ပါတယ်…” ကမ္ဘာလုံးဆိုင်ရာ အကောက်ခွန်အရာရှိ
ကြီးက သူ၏ မဟာအကြံပြုချက်ကို တင်သွင်း၏။
အဆိုပါကဲ့သို့ တစ်ယောက်တစ်ပေါက်ဖြင့်
အကြံပြုချက်အများအပြား ပေးကြသော်လည်း ပေါက်တတ်ကရ အကြံများသာ ဖြစ်နေသဖြင့်
ကမ္ဘာ့ သမ္မတကြီးက
“တော်ကြ…တော်ကြ မင်းတို့ ဟာတွေက တစ်ခုမှ အဆင်မပြေဘူး
…ငါလိုချင်တဲ့အဖြေကတစ်မျိုး ..မင်းတို့ ပေးတဲ့အကြံ တွေက
သောက်တလွဲတွေချည်းပဲ… မေးစရာလူလည်းကုန်ပြီ…ဒီကိစ္စ ဘယ်လိုဖြေရှင်းရမှန်းကို
မသိတော့ဘူး..ဟူး..... မသေဆေး ဖော်နိုင်ရင်တော့ မဆိုးဘူးကွ …ဟိုခေတ်က
လူဘယ်လောက်တက်တက် အမြဲတမ်း ဆံ့နေတဲ့ ဘတ်စ်ကား ဆိုတာတွေတောင်
ပေါ်ခဲ့သေးတာပဲ…လူဘယ်လောက်များများ ဒို့ကမ္ဘာကြီးက လက်ခံလို့ရတယ်ကွ… အခုတော့
ဘယ်လို လုပ်ကြမတုန်း..”
ယင်းကဲ့သို့ ပေါက်ကွဲနေသော်လည်း မည်သူမျှ အဖြေတစ်ခု မထုတ်နိုင်ကြ။ထိုအချိန်တွင်ကမ္ဘာ့ အာကာသသိပ္မံ ၀န်ကြီးက
“ကျွန်တော် စကားတစ်ခွန်း ပြောချင်ပါတယ်ခင်ဗျာ…. ဒီကိစ္စနဲ့ မဆိုင်တဲ့ တခြားအကြောင်းအရာတစ်ခုပါ”
“လောလောဆယ် ကိစ္စတောင် အဆင်မပြေသေးတာ ...မင်းပြောချင်ရင်
နောက်မှပြောကွာ...အခုလို အရေးကြီးနေတဲ့ အချိန်မှာတစ်ခြားအရာတွေ
နားမထောင်နိုင်သေးဘူးကွ” သမ္မတကြီးက ရှူးရှူးရှားရှား ပြန်ပြောလိုက် သဖြင့်
၎င်း ၀န်ကြီးခမျာ ကုပ်ကုပ် ကုပ်ကုပ်ဖြင့် နောက်ပြန်ဆုတ်လိုက်ရ၏။
အားလုံးခေတ္တမျှ ငြိမ်သွားပြီး မကြာမီ ............
“ကျွန်တော် အကြံပြုချက်တစ်ခု တင်သွင်းချင်ပါတယ်”
အစည်းအဝေးခန်းမ ချောင်တစ်နေရာတွင် ကုပ်နေသော ကမ္ဘာ့
စီးပွားရေးဝန်ကြီးမစ္စတာ အီကို၏ အသံဖြစ်သည်။ ယခု ၂၂-ရာစုတွင် လူတိုင်းနီးပါး
စီးပွားရေးအဆင်ပြေနေပြီး ကိုယ်ပိုင် ကုန်သွယ်ရေးလုပ်ငန်းများ
လုပ်ကိုင်နေကြသော ခေတ်ဖြစ်၍ ၄င်းဝန်ကြီး မှာ ကမ္ဘာ့အစိုးရအဖွဲ့တွင်
ရှေးကကဲ့သို့ သိပ်အရေးမပါတော့ဘဲ ချောင်ထိုးထားခြင်း ခံထားရသည့် အိမ်ဖြည့်
ဝန်ကြီးတစ်ဦးလည်းဖြစ်သည်။ ဆက်လက်၍မရဲတရဲလေသံဖြင့်..............
“ကျွန်တော့် အကြံတော့ မဟုတ်ပါဘူးခင်ဗျ…ကျွန်တော်တို့
ကြုံတွေ့နေရတဲ့ အခက်အခဲကို တစွန်းတစ သိရှိနေတဲ့ စီးပွားရေး
လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးသာဂိ ပေးတဲ့အကြံဖြစ်ပါတယ်”
“ဆိုစမ်းပါဦး”သမ္မတကြီးက နောက်ဆုံး ကောက်ရိုးတစ်မျှင်အဖြစ်ယူဆပြီး ဆက်လက်မေးမြန်းရာ မစ္စတာအီကိုက
“သူကပြောပါတယ်… ဒီကစ္စ ဖြေရှင်းဖို့က လွယ်လွယ်လေးပါတဲ့…ဒီလိုပါခင်ဗျ………………………………..”
ဆုံးအောင်နားထောင်ပြီးနောက် သမ္မတကြီးက တွေးတွေးဆဆဖြင့်.......
“အင်း …မဆိုးဘူးကွ ဒီအကြံ …မနက်ဖြန်ကစပြီး အမြန်ဆုံး အကောင်အထည်ဖော်ရမယ်.. အားလုံး ဒီအကြံကို ကန်ကွက်ဖို့ရှိလား”
“မရှိပါဘူး” မြန်မြန်ပြီး ပြီးရောသဘောဖြင့် အားလုံး
တညီတညွတ်ထဲ ဖြေကြားပြီးနောက် အရေးပေါ်အစည်းအဝေးကို အဆုံးသတ်လိုက်ကြ၏။
အဆိုပါ အစည်းအဝေးကျင်းပပြီး နောက်တစ်ရက်တွင် ……………………..
ကြေငြာချက်
ကမ္ဘာ့ လူဦးရေ အဆမတန် တိုးပွားလာမှုနှင့်အတူ
ကမ္ဘာပေါ်တွင် ကြီးမားသော အခက်အခဲကြီးတစ်ရပ်ဖြစ်ပေါ် လျက်ရှိပါသည်။ ၄င်းမှာ
ကမ္ဘာသူ၊ကမ္ဘာသားများ သိရှိနေကြသည့်အတိုင်း စေတနာ့ ၀န်ထမ်းရှားပါးမှု၊
ဝန်ထမ်းများ မတည်မြဲမှုကြောင့် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးသွားသော
လူသားများအား သဂြိုဟ်ခြင်း ကိစ္စ ဆောင်ရွက်ရန်မှာ ကျွန်ုပ်တို့အပေါ်တွင်
ကြီးမားသော ၀န်ထုပ်ဝန်ပိုးကြီးတစ်ရပ် ဖြစ်နေခြင်းပင် ဖြစ်ပါသည်။
အမှန်အတိုင်း ၀န်ခံရလျင် ကျွန်တော်များ
အစိုးရအဖွဲ့ကိုယ်တိုင် မည်သို့မျှ မဆောင်ရွက်နိုင်တော့သဖြင့်
၎င်းလုပ်ငန်းကြီးအား အောင်အောင်မြင်မြင် ဆောင်ရွက်ပေးနိုင်မည့် အောက်ပါ
လုပ်ငန်းရှင်(၃)ဦးအား စီစစ်ရွေးချယ်ပြီး ယနေ့မှစ၍ လွှဲအပ်လိုက်သည်။
၁။ မစ္စတာ ဒီဂိတ် ( မိုက်ခရိုဆော့ဖ်ကုမ္ပဏီ )
၂။ ဦးသာဂိ ( သာဂိအင်ဆန်း ကုမ္ပဏီ )
၃။ မစ္စတာ ချိုင်း ( ENG ကုမ္ပဏီ )
သို့ပါ၍ သေဆုံးသူများအား အထက်ပါ ကုမ္ပဏီ (၃)ခုအနက်မှ
ကြိုက်နှစ်သက်ရာ ၀န်ဆောင်မှုအဖွဲ့အစည်းဖြင့် ကျန်ရစ်သူ မိသားစုမှ အခမဲ့
သဂြိုဟ်နိုင်ပါသည်။
၎င်းလုပ်ငန်းရှင်များအား ပေးချေရမည့်
နာရေးဝန်ဆောင်မှုအတွက် ကျသင့်ငွေများကို ကမ္ဘာ့ ဘဏ်မှ စိုက်ထုတ်
ပေးချေသွားမည် ဖြစ်ပါသည်။
ပုံ
(ကမ္ဘာလုံးဆိုင်ရာ သမ္မတ)
ကမ္ဘာလုံးဆိုင်ရာ ပြန်ကြားရေး ဗဟိုဌာနချုပ်မှ
ကမ္ဘာအနှံ့အပြားရှိ ရပ်ကွက်များသို့ အထက်ပါအတိုင်း ကြေငြာချက် တစ်စောင်အား
သမ္မတကြီးလက်မှတ်ဖြင့် ထုတ်ပြန်ကြေငြာလိုက်သောအခါ တစ်ကမ္ဘာလုံး
အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားကြ၏။ သို့ရာတွင် များမကြာမီ အချိန်အတွင်း
၎င်းလုပ်ငန်းကြီးအား အဆိုပါ စီးပွားရေး လုပ်ငန်းရှင်ကြီး(၃)ဦးက
အောင်အောင်မြင်မြင် ဆောင်ရွက်ပြနိုင်သော အခါတွင်မှ ကမ္ဘာသူ၊ ကမ္ဘာသားများရော
... သမ္မတကြီးပါ စိတ်အေး သွားလေတော့သည်။
လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသော
လုပ်ငန်းရှင်များအနက် တစ်ဦးဖြစ်သည့် မစ္စတာ ဒီဂိတ်မှာ လွန်ခဲ့သော
နှစ်တစ်ရာခန့်က ကမ္ဘာ့အချမ်းသာဆုံး သူဌေးတစ်ဦးဖြစ်ခဲ့ဖူးသည့်
ကွန်ပြူတာလုပ်ငန်းရှင် ဘီဂိတ်၏ မြေးတစ်ဦး ဖြစ်သည်။ ၄င်းပုဂ္ဂိုလ်မှာ
သူ၏အဖေဖြစ်သော မစ္စတာစီဂိတ် လက်ထက်က ကွန်ပြူတာ ပစ္စည်းများ မကြုံစဖူး
အရောင်းထိုင်းမှုကပ်ဘေးတစ်မျိုးနှင့် ကြုံတွေ့ရသဖြင့် ဒေ၀ါလီခံရလု
နီးပါးဖြစ်ခဲ့သည့် မိုက်ခရိုဆော့ဖ်ကုမ္ပဏီကြီးကို ကယ်တင်ရန်အတွက်
ရောင်းမစွံတော့သည့် ကွန်ပြူတာပစ္စည်းများအစား ထုတ်ကုန်တစ်မျိုး ပြောင်းလဲကာ
မိုက်ခရိုဆော့ဖ်အုတ်ဖုတ်လုပ်ငန်း တည်ထောင်၍
သူ၏အဖိုးစတင်ခဲ့သည့်ကုမ္ပဏီကြီးအား ပြာပုံထဲမှ ဆွဲထုတ်ခဲ့သူ တစ်ဦးဖြစ်သည်။
သူဌေးကြီး ဦးသာဂိအပြင် နောက်ဆုံးရွေးချယ်ခံရသူ
လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် မစ္စတာချိုင်းဆိုသည်မှာကား နှယ်နှယ် ရရမဟုတ်။
လူတို့ စွန့်ပစ်သော အညစ်အကြေးများမှ ထွက်လာသော ဓါတ်ငွေ့များအား
ဓာတုပစ္စည်းများနှင့် ပေါင်းစပ်၍ စက်တပ်ယာဉ်များ သုံးရန် ENG (အီးအန်ဂျီ)
ဆိုသည့် ဆိုသည့် ဓါတ်ငွေ့တစ်မျိုး ကို ဖန်တီးခဲ့သည့် စွန့်ဦးတီထွင်
လုပ်ငန်းရှင် တစ်ဦးဖြစ်သည်။သူသည် သူ၏မူပိုင် ENG ဓါတ်ငွေ့များ
ထုတ်လုပ်ရန်အတွက် ကမ္ဘာပေါ်ရှိ အိမ်ထောင်စုအတော်များများ သုံးစွဲလျက်ရှိသည့်
အိမ်သာကျင်းများအား လေလံဆွဲဝယ်ယူခွင့် ရထားသူဖြစ်သည်။
ဤသို့ဖြင့် နာရေးကူညီမှု လုပ်ငန်းကြီးအား
ပုဂ္ဂလိကပိုင် ပြောင်းလဲပြီးသည့်နောက်ပိုင်းတွင်မှ ကမ္ဘာ့အစိုးရတို့
ခေါင်းခဲနေရသည့် ကိစ္စကြီး အဆင်ပြေသွားခဲ့လေသည်။ ၄င်းကုမ္ပဏီကြီးများကလည်း
အစပိုင်းတွင် သာတူညီမျှ စုပေါင်း ဆောင်ရွက်ကြသော်လည်း ကမ္ဘာ့ဘဏ်မှ
နာရေးလုပ်ငန်းများ အတွက် ကုန်ကျစရိတ်အဖြစ် နာရေးတစ်ခုအတွက် ၀န်ဆောင်ခ ဒေါ်လာ
(၁၀၀၀၀)နှုန်းဖြင့် ပေးချေလျက် ရှိသောကြောင့်
အလွန်တွက်ချေကိုက်လျက်ရှိနေကြသဖြင့် နောက်ပိုင်းတွင် စီးပွားသမားတို့၏
ထုံးစံအတိုင်း မိမိတို့ ကုမ္ပဏီဖြင့် နာရေးများများ ၀င်ရေး အပြိုင်အဆိုင်
ကြော်ငြာကြလေ ကုန်၏။
“ မိုက်ခရိုဆော့ဖ်ဖြင့် ကောင်းကင်ဘုံခရီးသို့
သွားရောက်ပါက တိုင်တေနီယမ်အခေါင်းဖြင့် ပို့ဆောင်ပေးမည်။ ဖုန်းသာ
ဆက်လိုက်ပါ ။ (၁၅)မိနစ်အတွင်း လူကြီးမင်းတို့ ကိစ္စအား အပြီးအစီး
ဆောင်ရွက်ပေးပါမည်။ (ရေသန့်ဘူး ကမ်းခြင်း၊ ယပ်တောင်ကမ်းခြင်း အပါအ၀င်)
”...........ဟူ၍ တစ်မျိုး ၊
“ လူတိုင်းအတွက် သာဂိ ရှိတယ်...
ကျန်ရစ်သူမိသားစုအတွက် ဗလာမပါ ကံစမ်းမဲ အပါအ၀င် လက်ဆောင်
ပစ္စည်းများစွာဖြင့် ကြိုဆိုနေသည်။လိုအပ်ပါက အပီအပြင် ငိုယိုပေးမည့် အဖွဲ့ပါ
အခမဲ့ ထည့်ပေးမည်။”.....ဟူ၍ တစ်ဖုံ ၊
“ ကျွန်တော်များ ENG ကုမ္ပဏီဖြင့်
ပို့ဆောင်သဂြိုဟ်ပါက သွားလေသူတို့၏ အရိုးပြာများအား စုပေါင်း၍ လကမ္ဘာ
ပေါ်သို့ သွားရောက်ကြဲချပေးပါမည်။ ကျန်ရစ်သူ မိသားစုများအား စုပေါင်း၍
တစ်ရက်လျင် တစ်ကြိမ် ဒစ်စကို ဗဲရီး လွန်းပြန်ယာဉ်ဖြင့် ကမ္ဘာတစ်ပတ်
လည်ပတ်ခွင့် ပေးမည်။(နေ/စား စရိတ်ငြိမ်း)………….ဟူ၍ တစ်နည်း၊
အမျိုးမျိုးသောနည်းများဖြင့် မရိုးရအောင်
ဆွဲဆောင်ကြော်ငြာကြလေသောခါ ကမ္ဘာပေါ်တွင် နောက်ထပ်ပြဿနာ တစ်ခု
ပေါ်ပေါက်လာပြန်၏။ ယင်းမှာ ကမ္ဘာပေါ်ရှိ ရပ်ကွက်အသီးသီး၌ သေဆုံးမှုနှုန်း
ရုတ်ချည်း မြင့်တက်လာ ခြင်းပင်ဖြစ်သည်။
“အဖေ … နေသာရဲ့လား
ဆရာဝန်ကတော့ပြောတယ်..သိပ်မခံတော့ဘူးတဲ့ … မထူးတော့ပါဘူးအဖေရယ်… မြန်မြန်သာ
သေလိုက်ပါတော့… ဦးသာဂိကြီးက ဒီတစ်ပတ် ပစ္စည်းအသစ်တွေ မဲဖောက်ပေးမှာတဲ့
……..” “ ဂစ် ”….
“ကျွန်တော့်ဦးလေးက သန်သန်မာမာကြီးဗျ….
မထင်ရဘူး…ဘယ်လိုဆုံးတာလဲ ဟုတ်လား…. ဒီလိုဗျ… တစ်နေ့က ၀ရန်တာမှာ ပန်းပင်
ရေလောင်းနေရင်း ကျွန်တော်က အိမ်ပြင် အထွက် သူ့ကို တမင်တကာ(အဲ)မတော်တဆ
ဝင်တိုက်မိ တာ တိုက်အောက်ကို ပြုတ်ကျပါလေရောဗျာ….”
“မောင်ရေ …မောင့်အဖေကြီးလေ …မနက်က အိပ်ယာထဲကနေ
ရေသောက်ချင်တယ် ပြောတာနဲ့….ခင်လည်း စင်ပေါ်မှာ ဘူးတစ်ဘူးတွေ့တာနဲ့
ရေဘူးထင်ပြီး တိုက်လိုက်တာ ပိုးသတ်ဆေးဘူးကြီးဖြစ်နေတယ် … ဒါပေမယ့်
ကိစ္စမရှိပါဘူး... ခင်တို့လည်း ဟန်းနီးမွန်း မထွက်ရသေးဘူး မလား...
ယောက္ခမကြီး အရင်းပြုပြီး ENG နဲ့ ကမ္ဘာပတ်လိုက် ကြရအောင်နော် ….မောင်….”
……စသဖြင့် စသဖြင့် အကြောင်းအမျိုးမျိုးဖြင့်
သေဆုံးမှုများ တဟုန်ထိုး မြင့်တက်လာသောကြောင့် ကမ္ဘာလုံးဆိုင်ရာ
သမ္မတကြီးခမျာ နောက်ထပ် ခေါင်းခဲရပြန်လေ၏။ဟုတ်ပေသည်။ မသာတစ်ခု
အရင်းပြုရုံဖြင့် ကံကောင်းပါက ချက်ချင်းလက်ငင်းပင်
သူဌေးဖြစ်သွားနိုင်လောက်အောင် အဆွယ်ကောင်းသည့် မသာကန်ထရိုက်တို့၏
ဝန်ဆောင်မှု မြှင့်တင်ရေး အစီအစဉ်များကြောင့် မစည်ကားအပ်သောနေရာတွင်
လူအများ စတင်စည်ကားစပြုလာသည်။ အချို့မှာလူနာက ဆေးရုံတက်တုန်းရှိသေးသည်…
ကြိုတင်ဘွတ်ကင်တောင်မှ လုပ်ထားလိုက်ကြသေးသည်။
ထိုသိုဖြင့် သမ္မတကြီးမှာ စိတ်ညစ်ညစ်ဖြင့်
၎င်းကိစ္စအား ထပ်မံ ဖြေရှင်းရန်အတွက် အစည်းအဝေး နောက်တစ်ခေါက်
လုပ်ရပြန်လေသည်။
အစည်းအဝေးစတင်သည်နှင့် ............
သမ္မတကြီးက စကားမစရသေး…ကမ္ဘာ့ အာကာသသိပ္မံ ၀န်ကြီးကစတင်လာသည်။
“သမ္မတကြီးခင်ဗျာ…ကျွန်တော်
အရင်အစည်းအဝေးတုန်းက တင်ပြပေမယ့် သမ္မတကြီးက နောက်မှပြောဆိုလို့
ဆိုင်းငံ့ထားရတဲ့ကိစ္စကို တင်ပြချင်ပါတယ်...တစ်ဆိတ်လောက်
နားထောင်ပေးပါခင်ဗျာ...အရမ်းကို အရေးကြီးနေလို့ပါ....”
“လာပြန်ပြီလား...အခုချိန်မှာ အရေးအကြီးဆုံး
ကိစ္စက တစ်ခုတည်းရှိတယ်ကွ... ဒါထက် အရေးကြီးတာ ဘာမှမရှိဘူး...
နောက်မှပြောကွာ...”
“ဟို...ဟို...ဒါကလေ ....”
“တော်...လို့ ပြောနေတယ်...ငါ့ခေါင်းထဲမှာ အခု ပြဿနာက လွဲပြီး တစ်ခြားဟာတွေ မစဉ်းစားနိုင်သေးဘူးကွ”
အာကာသသိပ္မံ ၀န်ကြီးခမျာ မျက်စိပျက်၊
မျက်နှာပျက်ဖြင့် နောက်သို့ ဆုတ်သွားရလေသည်။ဒါတောင် ပါးစပ်က ဘာတွေ
ရွတ်နေသေးသည်မသိ….။ပွစိ..ပွစိနှင့်…။
“အင်း… လူတွေ လူတွေ ခက်တယ်… ဒါကြောင့် ပြောတာ
လူ့အလို နတ်မလိုက်နိုင်ဆိုတာ ….ကဲကဲ ကြာတယ် အဲဒီ မသာ ကန်ထရိုက်တာတွေကို
ခေါ်စမ်း…..”
သမ္မတကြီး ဒေါသပေါက်ကွဲနေလေပြီ။ မစ္စတာ
အီကိုခမျာလည်း နေစရာမရှိ ဖြစ်နေရရှာသည်။ သမ္မတကြီး က သတိရတိုင်း သူ့ကို
ခေါ်ခေါ် ငေါက်နေသည်မှာ ယနေ့မနက်က သုံးခေါက်အပါအ၀င် လေးဆယ့်ကိုးခေါက်
ရှိပေပြီ။ မကြာမီ လုပ်ငန်းရှင်ကြီး သုံးဦး သမ္မတကြီးရှေ့ ရောက်လာလေ၏။
“ကဲ …မင်းတို့ပြောစမ်း…. မင်းတို့ရဲ့
လောဘတွေကြောင့် လူတွေ အရင်ကထက် သုံးဆလောက် ပိုသေနေရတယ် ငါတို့
မတတ်နိုင်လို့ မင်းတို့ကို အားကိုးကာမှ လူမျိုးတွေ ပြုတ်တော့မယ်…ကြာရင်
ငါတောင်ကျန်ပါ့မလားမသိ….အဲဒါ ဘယ်သူ့မှာ တာဝန်ရှိသလဲ …ဖြေစမ်း…”
“ဒါက ဒီလိုရှိပါတယ်…လူ့တို့က လုပ်ဆိုလို့
ဝလို့က လုပ်တယ်လေ…အခုလို ဇီးကွက် စီးပွားရေးစနစ် ထွန်းကားနေ တဲ့ခေတ်မှာ
တီရားဥပဒေ မချိုးဖောက်ရင် စီးပွားရေးကို လုလုလပ်လပ် လုပိုင်ခွင့်
စိတယ်မလား…သာမီတ ကြီးရဲ့” …….. ဟု မစ္စတာ ချိုင်းက စတင်ပြောဆိုလိုက်ရာ မစ္စတာ
ဒီဂိတ်ကလည်း ….
“ကျုပ်တို့က မလုပ်နဲ့ဆို …အခု မလုပ်ရုံပဲ…
ဒါဆိုရင်တော့ သမ္မတကြီးတို့ အရင်လိုပဲ ပြန်လုပ်ကြပေါ့…ကျုပ်တို့က
လုပ်ချင်လွန်းလို့များ မထင်နဲ့… လူသားအားလုံး ဘ၀ကူးကောင်းအောင် ကုသိုလ်
ပြုနေတာဗျ…” ဟု လူ့အခွင့်အရေးအား အလေးထားသလို လေသံဖြင့် ပြန်ပြောလေ၏။
ထို့နောက် ဦးသာဂိက သမ္မတကြီးအနားကပ်၍လေသံတိုးတိုးဖြင့်………
“ဒီမှာ.. သမ္မတကြီးရဲ့…အခုလိုဖြစ်တော့ကော
ဘာအရေးလဲ… ကျွန်တော်တို့…သမ္မတကြီးတို့ အမျိုးတွေလည်း ပါတာမဟုတ်ဘူး…
ကျွန်တော်တို့တွေက သူတို့တွေထက်စာရင် ဦးနှောက်ပိုကောင်းကြတဲ့
လူတန်းစားတစ်ရပ်မှာ ရှင်သန်နေတဲ့သူတွေ မဟုတ်လားဗျ… အခုနေ သမ္မတကြီးမသိသလို
နေပေးရင်…. သမ္မတကြီးအလှည့်ကျရင် ရွှေသား စစ်စစ်နဲ့ လုပ်ထားတဲ့ အခေါင်းနဲ့
သီးသန့် ပို့ဆောင်ပေးပါ့မယ်… ဘယ်လိုလဲ…” ဟုပင် ကပ်ပြောလာရာ သမ္မတကြီးခမျာ
အရင်လိုပဲ ပြန်လုပ်ရနိုးနိုး …ရွှေအခေါင်းနဲ့ပဲ သေရနိုးနိုး ဟုပင်
ဇဝေဇ၀ါဖြစ်သွားလေ၏။စီးပွားရေးသမားတို့ကား ကြောက်ဖို့ ကောင်းလေစွ…။
“ ငါတော်တော်စိတ်ညစ်နေပြီဟေ့…. ဒီပြဿနာကလည်း
တစ်ခြားသူတွေ သမ္မတလုပ်တုန်းက မဖြစ်ပဲ ငါ့ကျမှ လာဖြစ်ရ တယ်လို့…. ကဲ အောက်က
ဝန်ကြီးတွေ …မင်းတို့က ဘာတွေလဲကွ … အစည်းအဝေးဆိုရင် ပေါက်ကရ ပြော …
ကျွေးတာစားပြီး ပြန်ရုံပဲလား…. အကြံလေး ဘာလေး ထုတ်ကြဦးလေကွာ…”
ကမ္ဘာလုံးဆိုင်ရာ ၀န်ကြီးများမှာ မည်သို့မျှ
အကြံပေးနိုင်စွမ်းမရှိ သဖြင့် အားလုံး ကိုယ်စီကိုယ်စီ ခေါင်းများသာ
တွင်တွင် ငုံ့နေလေသည်။
“အဓိက က ဒီကိစ္စအတွက် အစည်းအဝေး ကို ငါ
နောက်တစ်ကြိမ် ထပ်မလုပ်ချင်တော့ဘူးကွ…ငါတို့ ၀ိုင်းဝန်းပြီး အဖြေရှာ ကြရင်
တစ်ခုခုတော့ ထူးခြားနိုင်ပါတယ်…”
သမ္မတကြီးခမျာ မည်သို့မှ မစဉ်းစားတတ်တော့ဘဲရှိနေစဉ် တစ်စုံတစ်ခုကို သတိရသွားပြီး ….
“ဟိုဖက်က သိပ္ပံဝန်ကြီး …ခုနက မင်း တင်ပြမယ်ဆိုတာ
ဘာလဲကွ… လောလောဆယ် အဖြေမထွက်သေးတဲ့ အတူတူ စိတ်ပြေလက်ပျောက် မင်းပြောတာ
နားထောင်ကြည့်မယ်…”
ထိုအခါ အာကာသသိပ္မံ ၀န်ကြီးက တုန်တုန်ရီရီဖြင့် …
“သမ္မတကြီးခင်ဗျာ… အခု ကျွန်တော်ပြောတာကို အလေးအနက်ထား
စေချင်ပါတယ်…ကျွန်တော်ပြီးခဲ့တဲ့ အခေါက်ကတည်းက ပြောမလို့… သမ္မတကြီးက အတင်း
ပိတ်ထားလို့ပါ….”
“အေးပါကွာ… အေးပါ .. ခုပြောကြည့်လေ”
“ကျွန်တော်ပြောတဲ့ ကိစ္စက အခုဆိုရင် အရမ်းကို
နီးကပ်နေပါပြီ…ကျွန်တော်ပြောတာ နားထောင်ပြီးရင် အစည်းအဝေး ကို
နောက်တစ်ကြိမ် ထပ်မလုပ်ချင်တော့ဘူးဆိုတဲ့ သမ္မတကြီးရဲ့ ဆန္ဒလည်း လုံးဝ
ပြည့်ဝသွားစေရပါမယ်.လို့ အာမခံပါတယ်”
ထိုအခါ သမ္မတကြီး ၏ မျက်လုံးများ အရောင်တဖျတ်ဖျတ် တောက်ပလာပြီး …
“ဟေ… ဒါဆို မြန်မြန်ပြောလေကွာ … ဒါ တကယ်ဆိုရင်တော့ မင်းကို ရာထူး တိုးပေးမယ်ကွာ…ဟုတ်ပြီလား..”
“ဒီလိုပါ…လွန်ခဲ့တဲ့ ခြောက်လလောက်က ကျွန်တော်
နက္ခတ်တာရာကြည့်မျှော်စင်ပေါ်ကနေ ကောင်းကင်ကို ကြည့်နေတုန်း… မထင်မှတ်ဘဲ
ကျွန်တော်တို့ ကမ္ဘာကြီးဆီကို ဦးတည်လာနေတဲ့ အချင်း သုံးမိုင်လောက် ရှိတဲ့
ဂြိုဟ်ပဲ့ကြီးတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်… ”
“အင်း..ဆက်ပြောပါဦး…”
“ဒါကို ကျွန်တော်တွေ့ပြီးတဲ့နောက် ဘယ်သူ့ကို မှ
မပြောဘဲ သေချာသည်ထက် သေချာအောင် လေ့လာစစ်ဆေး နေခဲ့တာပါ… ကမ္ဘာကြီးကို
လုံးဝမလွဲဘဲ မကြာခင် ၀င်တိုက်နိုင်တယ်ဆိုတာကို ကျွန်တော်သိသိချင်းပဲ
ကျွန်တော် သမ္မတကြီးကို တင်ပြဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်..ဒါပေမယ့်
သမ္မတကြီးက လက်မခံတဲ့အတွက် ကျွန်တော် အခုမှ တင်ပြရတာပါ…”
သမ္မတကြီးခမျာ မျက်စိမျက်နှာ ပျက်နေလေပြီ…။
“မင်းဟာက သေ…သေချာလို့လားကွာ… ”
မိုင်ဝက်လောက်သာ အချင်းရှိသည့် ဥက္ကပျံလောက်ပင်
ကျရောက်ပါစေဦး..။ကမ္ဘာဦးတုန်းက ဒိုင်နိုဆောကဲ့သို့သော သတ္တ၀ါတွေကိုပင်
မျိုးဖြုတ် နိုင်စွမ်းရှိသောကြောင့် ယခုဂြိုဟ်ပဲ့ကြီးမှာကား သုံးမိုင်ခန့်
အချင်းရှိသည် ဆိုသည့်အတွက် ကမ္ဘာကြီး၏ အဖြစ်မှာ မတွေးရဲစရာပင်...။
“သေချာပါတယ်… ကျွန်တော် အထပ်ထပ် စစ်ဆေးတွက်ချက်ပြီးသွားပါပြီ…”
အစည်းအဝေးခန်းမအတွင်း တစ်ဒင်္ဂ
တိတ်ဆိတ်ငြိမ်သက်သွားတော့သည် ။ထို့နောက် သမ္မတကြီးပင် မက အစည်းအဝေးခန်းမ
အတွင်းမှ လူအားလုံးထံမှ အသံတစ်သံ တညီတညွတ်တည်း ထွက်ပေါ်လာ လေသည်…။
“ဒါဆို … ဘယ်..ဘယ်တော့လဲဟင်…”
ထိုအခါ အာကာသသိပ္မံ ၀န်ကြီးက မည်သို့မှ အဖြေမပေးဘဲ
ရီဝေေ၀မျက်လုံးများဖြင့် အပေါ်ကို မော့ကြည့်၍ အလင်းပေါက် အမိုးများ
မိုးထားသည့် အစည်းအဝေး ခန်းမ၏ ကြည်လင်နေသော ခေါင်မိုးကို
လက်ညှိုးထိုးပြလိုက်သည်…။
အားလုံး မော့ကြည့်လိုက်သောအခါ…………………………………………………။